အတင်းအဖျင်းတွေအတွက် ဆိုခရေးတီးစ်ရဲ့ ဆန်းစစ်မှု ၃ ခု

11.4.2023-yyl-iamge-30.jpg

တစ်နေ့မှာ ဂရိအတွေးအခေါ်ပညာရှင် ဆိုခရေးတီးစ်ဆီကို လူတစ်ယောက် ရောက်လာပြီး ” ခင်ဗျားမိတ်ဆွေသတင်း ကြားပြီးပြီလား”လို့ မေးတယ်။
” တစ်ဆိတ်လောက်ဗျ။ အဲဒီသတင်းကို မပြောသေးခင် ခင်ဗျားကို ကျွန်တော် ဆန်းစစ်မှု ၃ ခု လုပ်ပါရစေ” လို့ ဆိုခရေးတီးစ်က ပြန်ပြောလိုက်တယ်။

” ဘယ်လို ဆန်းစစ်မှု ၃ ခုလဲဗျ”
” တခြားသူတွေအကြောင်း မပြောခင် ဘာလို့ ပြောချင်ရတာလဲဆိုတဲ့အကြောင်း အချိန်ယူ စဉ်းစားတာ ကောင်းတယ်ဗျ။ အဲဒီလို စဉ်းစားတာကို ဆန်းစစ်မှု ၃ ခုလို့ ခေါ်တယ်။ ပထမဆုံး ဆန်းစစ်ချက်က ဒီသတင်း မှန်၊ မမှန် ဆိုတာပဲ။ ခင်ဗျား ကျွန်တော့်ကို ပြောမယ့်ကိစ္စက တကယ်မှန်ရဲ့လားဆိုတာ စစ်ဆေးပြီးပြီလား”လို့ ဆိုခရေးတီးစ်က ပြောလိုက်တော့

” မစစ်ဆေးရသေးဘူးဗျ။ သူများပြောတာ ကြားတာပဲ”လို့ အဲဒီသူက ဆိုတယ်။
” ကောင်းပြီ။ ဒါဆိုရင် ဒီသတင်း မှန်၊ မမှန်ဆိုတာ ခင်ဗျား မသိဘူးပေါ့။ ကဲ . . . ဒုတိယမြောက် ဆန်းစစ်မှု လုပ်ရအောင်။ ခင်ဗျား ပြောချင်နေတဲ့ ကျွန်တော့်မိတ်ဆွေသတင်းက ကောင်းတဲ့ကိစ္စလားဗျ”

” အို ဘယ်နှယ့် တခြားစီပါပဲဗျာ”

” ဒါဆိုရင် ခင်ဗျားက ကျွန်တော့်ကို သူ့မကောင်းကြောင်း ပြောချင်တာပေါ့။ အဲဒီအကြောင်းက မှန်၏၊ မမှန်၏ဆိုတာလည်း ခင်ဗျား မသိဘူးနော်။ ကဲ . . . ဟုတ်ပါပြီဗျာ။ တတိယမြောက် ဆန်းစစ်မှု လုပ်ရအောင်။ ခင်ဗျားပြောမယ့် ကျွန်တော့်မိတ်ဆွေသတင်းက ကျွန်တော့်အတွက် သိသင့်၊ သိထိုက်တဲ့ကိစ္စ၊ အသုံးဝင်တဲ့ ကိစ္စမျိုးလားဗျ”

” အဲဒီလိုလည်း မဟုတ်ဘူးဗျ”

” ကဲ ဒါဆိုရင် ကျွန်တော်တို့ အနှစ်ချုပ်ကြည့်ရအောင်ဗျာ။ ခင်ဗျား ပြောမယ့်ကိစ္စက မှန်လည်း မမှန်ဘူး၊ ကောင်းသတင်းလည်း မဟုတ်ဘူး၊ အသုံးဝင်တဲ့ ကိစ္စလည်း မဟုတ်ဘူး။ ဒါနဲ့များ ကျွန်တော့်ကို ဒီအကြောင်း ဘာကြောင့် ပြောချင်ရသလဲ။ ဒီလို အကြောင်းအရာမျိုးကို ကျွန်တော် မသိချင်ဘူး”လို့ ဆိုခရေးတီးစ်က ပြောခဲ့ပါတယ်။

အတင်းအဖျင်းပြောတာ မကောင်းတဲ့ကိစ္စပါပဲ။ အစပိုင်းတော့ သူများအကြောင်း မကောင်းပြောရတာဟာ ပျော်စရာကောင်းသလိုလို၊ အရသာရှိသလိုလိုနဲ့ အဆုံးသတ်ကျတော့ ဒါက ကျွန်တော်တို့ နှလုံးသားထဲကို ခါးသီးမုန်းတီးမှုတွေ ထည့်ပြီး ကျွန်တော်တို့ကိုပါ အဆိပ်သင့်စေပါတယ်။

Ref: Socrates: On Dealing With Gossip

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top