ကပ်ရောဂါအတွင်း ဟောင်ကောင်မြို့မြစ်ထဲမှာ ရှားပါးလင်းပိုင်တွေ ပြန်ရောက်လာ

15-9-2020-yyl-015.jpg

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအတွင်းမှာ ဟောင်ကောင်မြို့က Pearl River Delta ဆီ လင်းပိုင်ဖြူ လို့လည်း သိကြတဲ့ အင်ဒို-ပစိဖိတ်လင်းပိုင်တွေ ပြန်ရောက်ရှိလာခဲ့တာကို တွေ့ရပါတယ်။ ဟောင်ကောင်မှာ ဒီလိုလင်းပိုင်တွေ အရေအတွက်က ၃၀ ရာခိုင်နှုန်းလောက် တိုးလာခဲ့ပါတယ်။ ကပ်ရောဂါအတွင်း ကူးတို့သင်္ဘောတွေ ရပ်နားလိုက်ပြီး ပြေးဆွဲတာမရှိတော့တဲ့အတွက် လင်းပိုင်တွေပြန်ရောက်လာခဲ့တာဖြစ်တယ်လို့ သုတေသီတွေက ပြောပါတယ်။

ဟောင်ကောင်နဲ့ မကာအိုကနေ ခရီးသည်တင်ဆောင်ပြီး ပြေးဆွဲတဲ့ သင်္ဘောတွေကြောင့် လင်းပိုင်တွေက ဟောင်ကောင်မြို့ရဲ့မြစ်တွေကနေ ရှောင်ပြေးခဲ့ရပါတယ်လို့ ပင်လယ်နေသတ္တဝါဆိုင်ရာ သိပ္ပံပညာရှင် လင်ဒ်ဆေး ပေါ်တာ (Lindsay Porter) က ဆိုပါတယ်။ ခရီးသည်တင်ဆောင်တဲ့ သင်္ဘောတွေကို မတ်လက ရပ်နားထားတဲ့အတွက် ရေအောက်ဆူညံသံက လင်းပိုင်တွေရဲ့အပြုအမူတွေမှာ ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို သုတေသနပညာရှင်တွေကို လေ့လာခွင့်ရစေတယ်လို့ ပေါ်တာက ပြောပါတယ်။

ပေါ်တာနဲ့ သူ့ရဲ့အဖွဲ့သားတွေက လှေတစ်စီးကနေ မိုက်ခရိုဖုန်းကို ချပြီး လင်းပိုင်တွေကို စောင့်ကြည့်ဖို့ ဒရုန်းတွေကို အသုံးပြုပါတယ်။ လင်းပိုင်တွေက တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်နဲ့ ပိုပြီး သဟဇာတဖြစ်တယ်လို့ သူတို့ရဲ့လေ့လာချက်က ဆိုပါတယ်။ အခုဆိုရင် လှေ၊ သင်္ဘောသွားတာတွေမရှိတဲ့အတွက် မြစ်ထဲမှာ လင်းပိုင်တွေ ပြန်ပေါ်လာတာဖြစ်ပါတယ်။

ဒီလိုအမျိုးအစားလင်းပိုင်တွေကို ၁၆၀ဝပြည့်နှစ်အစောပိုင်းလောက်က ဒေသတွင်းမြစ်တွေထဲမှာ ပထမဆုံးမှတ်တမ်းတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Pearl River Estuary မှာ လင်းပိုင်အရေအတွက်က ၂၅၀၀ ဝန်းကျင်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမဲ့ မကြာသေးခင်နှစ်တွေမှာ လင်းပိုင်တွေ လျော့ပါးသွားခဲ့ပါတယ်။ ” လင်းပိုင်တွေ လျော့နည်းသွားတာကို လေ့လာနေရတာ တကယ် ဝမ်းနည်းစရာကောင်းတယ်လို့ တစ်ခါတလေ ခံစားရပါတယ်”လို့ ပေါ်တာက ပြောပါတယ်။

ဒီလိုလင်းပိုင်တွေအတွက် ခြိမ်းခြောက်မှုတွေက ငါးဖမ်းတာ၊ ရေညစ်ညမ်းတာနဲ့ ရေလမ်းကြောင်းပိတ်ဆို့တာ၊ ပင်လယ်ကမ်းခြေတွေ များလာတာတွေပါဝင်ပါတယ်။ ဒါပေမဲ့ အဲဒီဒေသမှာ ပြုလုပ်ခဲ့တဲ့ သုတေသနပြုချက်ကလည်း လင်းပိုင်အရေအတွက် တိုးလာဖို့အကူအညီဖြစ်နိုင်တယ်လို့ ပေါ်တာက ပြောပါတယ်။

Ref: CBSNews “Rare dolphins return to Hong Kong after ferry traffic was halted due to coronavirus”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top