အီရန်နိုင်ငံမှာ Covid-19 ကူးစက်ပျံ့နှံ့မှုကို တိုက်ဖျက်ဖို့ အကျဉ်းသား ၅၄,၀၀၀ ကို ယာယီလွှတ်ပေး

yyl-006-1.jpg

လူအပြည့်အသိပ်ရှိနေတဲ့ အကျဉ်းထောင်တွေထဲမှာ Covid-19(ကိုရိုနာဗိုင်းရပ်စ်သစ်)ကူးစက်ပျံ့နှံ့မှုကို တိုက်ဖျက်ဖို့အတွက် အီရန်နိုင်ငံက အကျဉ်းသား ၅၄,၀၀၀ ကျော်ကို ယာယီလွှတ်ပေးခဲ့ပါတယ်။ စစ်ဆေးမှုတွေပြုလုပ်ရာမှာ Covid-19 ကူးစက်ခံရခြင်းမရှိတဲ့ အကျဉ်းသားတွေကို အာမခံကြေး ပေးခိုင်းပြီး အကျဉ်းထောင်ကနေ ယာယီလွှတ်ပေးခဲ့တာလို့ တရားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီစမိုင်လီက ပြောပါတယ်။ ထောင်ဒဏ် ၅ နှစ်ကျော် ချမှတ်ခံထားရပြီး လုံခြုံရေးတင်းကျပ်ထားရတဲ့ အကျဉ်းသားတွေကိုတော့ လွှတ်ပေးမှာမဟုတ်ပါဘူး။

အကျဉ်းကျခံနေရတဲ့ အီရန်နွယ်ဖွား ဗြိတိန်နိုင်ငံသူ ဇာဂါရီရက်ကလစ်ဖ်ကို သိပ်မကြာခင် ပြန်လွှတ်ပေးဖွယ်ရှိတယ်လို့ ဗြိတိန်လွှတ်တော်အမတ်တစ်ယောက်က ပြောပါတယ်။ ဇာဂါရီရက်ကလစ်ဖ်ဟာ တီဟီရန်မြို့က အီဗင်အကျဉ်းထောင်မှာ Covid-19 ကူးစက်ခံခဲ့ရဖွယ်ရှိပြီး အာဏာပိုင်တွေက သူ့ကို ဗိုင်းရပ်စ် ကူးစက်ခံထားရခြင်း ရှိ၊ မရှိ စစ်ဆေးပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ ဇာဂါရီရက်ကလစ်ဖ်ရဲ့ခင်ပွန်းက ပြောပါတယ်။ ဒါပေမဲ့ ဇာဂါရီရက်ကလစ်ဖ်ဟာ သူ့မိသားစုနဲ့ မကြာခဏ အဆက်အသွယ်လုပ်ခဲ့ပြီး ကျန်းမာရေးကောင်းတယ်လို့ ပြောခဲ့ကြောင်း အီစမိုင်လီက ပြောပါတယ်။ ဇာဂါရီရက်ကလစ်ဖ်ဟာ သူလျှိုလုပ်တယ်ဆိုတဲ့စွဲချက်ကြောင့် ၂၀၁၆ ခုနှစ်က ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရတာပါ။ သူကတော့ အဲဒီစွဲချက်ကို ငြင်းဆန်ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံဘက်ကလည်း ဇာဂါရီရက်ကလစ်ဖ်မှာ အပြစ်မရှိဘူးလို့ ဆိုပါတယ်။ ကမ္ဘာတစ်ဝန်းမှာ Covid-19 ကူးစက်ခံရသူ ၉၀,၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၃,၁၁၀ ရှိပါတယ်။ အီရန်နိုင်ငံမှာ ကူးစက်ခံရသူ ၂,၃၃၆ ယောက်ရှိပြီး ပြီးခဲ့တဲ့ ၂ ပတ်အတွင်း အနည်းဆုံး လူ ၇၇ ယောက် သေဆုံးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top