အစာရေစာရှားပါးလွန်းတာကြောင့် လူနေထိုင်ရာမြို့ပေါ်အထိ အစာရှာထွက်ခဲ့တဲ့ ပိုလာဝက်ဝံ

MGSMABER7YI6TFLKRDBJDK24HA.jpg

ဗိုက်ဆာပြီးနေမကောင်းဖြစ်နေတယ်လို့ထင်ရတဲ့ ပိုလာဝက်ဝံလေးတစ်ကောင်ဟာ ဆိုက်ဘေးရီးယား မြောက်ဘက်ပိုင်းမှာရှိတဲ့ စက်မှုဇုံမြို့က အမှိုက်ပုံကြီးဆီကို အစာရှာဖို့ ရောက်ရှိလာခဲ့ပါတယ်။

အဲဒီဝက်ဝံလေးရဲ့မျက်လုံးမှာ မျက်ရည်လိုအရည်မျိုးတွေနဲ့ ပြည့်နှက်လို့နေတာမို့ အမြင်အာရုံကြည်ကြည်လင်လင်လည်း ရှိမနေပါဘူူး။

တာဝန်ရှိသူတွေကတော့ “ဒီလိုဝက်ဝံလေးတွေ မြို့လည်ခေါင်ထိတက်လာပြီး ဘာလို့အစာလာရှာလဲ ကျွန်တော်တို့လည်း သေချာမတွေးတတ်သေးပါဘူး။ သေချာတာကတော့ ဒီကောင်လေးတွေ သဘာဝအတိုင်းရှင်သန်နေထိုင်ဖို့ တော်တော်အခက်တွေ့နေကြပြီ” ဆိုပြီး ပြောကြားထားပါတယ်။

ဒီကိစ္စရပ်ဟာ အတိတ်ကို ပြန်လည်တူးဆွလိုက်သလိုပါပဲ။ အခုနှစ်အစောပိုင်းကဆိုရင်လည်း ဒါဇင်လောက်ရှိတဲ့ ပိုလာဝက်ဝံလေးတွေဟာ အာတိတ်ပင်လယ်ဘက်မှာရှိတဲ့ ရုရှားကျွန်းဆီတွေဆီကို တက်လာကြသေးတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလတုန်းကဆိုရင်လည်း အကောင် (၅၀) လောက်ရှိတဲ့ ပိုလာဝက်ဝံတွေဟာ Novaya Zemlya ဒေသကိုရောက်ရှိလာကြပြီး လူနေအဆောက်အအုံတွေ၊ ကစားကွင်းတွေနဲ့ အမှိုက်ပုံတွေထဲအထိ ဝင်ရောက်မွှေနှောက်သွားကြတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ ပြည်သူတွေအနေနဲ့ ကြောက်ရွံ့ခဲ့ကြပြီး ကလေးတွေကို အပြင်ထွက်ပေးကစားဖို့တောင် ထိတ်လန့်နေကြပြီပဲ ဖြစ်ပါတယ်။

မှတ်တမ်းတွေအရတော့ ပိုလာဝက်ဝံတွေဟာ အားပျော့တဲ့သတ္တဝါအမျိုးအစားတွေသာ ဖြစ်ပါတယ်။ အခုလိုဖြစ်လာရတာဟာလည်း သူတို့ရဲ့ ရှာဖွေစားသောက်မှုပုံစံနဲ့ ရေခဲပြင်တွေပေါ်နေထိုင်မှုသဘာဝဟာ ပြောင်းလဲလာတဲ့ရာသီဥတု၊ ကမ္ဘာကြီးပူနွေးလာမှုနဲ့ မကိုက်ညီတော့လို့သာဖြစ်တယ်လို့ ဆိုပါတယ်။ The International Union for Conservation of Nature ရဲ့စစ်တမ်းအရတော့ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ပိုလာဝက်ဝံအရေအတွက်ဟာ (၂၂,၀၀၀) ကနေ (၃၁,၀၀၀) ထိရှိတယ်လို့ ဆိုပါတယ်။

Ref : washingtonpost “A starving polar bear wandered into a Russian city, scavenging for food”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top