တစ်ပတ်အတွင်း ပြည်ပနိုင်ငံ ၅ နိုင်ငံမှ မြန်မာနိုင်ငံသား ၆၀၈ ဦးကို ပြန်လည်ခေါ်ဆောင်နိုင်ခဲ့

7-5-2020-yyl-027-1.jpg

ရန်ကုန် မေ ၇

နိုင်ငံတကာခရီးသည်တင်လေယာဉ်ပျံသန်းမှုကို ယာယီရပ်ဆိုင်းထားတဲ့အတွက်ကြောင့် ပြည်ပနိုင်ငံတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည် ခေါ်ဆောင်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ သိရပါတယ်။ အခုလိုပြန်လည်ခေါ်ဆောင်ရာမှာ ဧပြီ ၃၀ ရက်ကနေ မေ ၇ ရက်အတွင်း ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ စင်ကာပူနိုင်ငံတို့မှာ ရှိနေတဲ့ မြန်မာနိုင်ငံသား ၆၀၈ ဦးကို ပထမအသုတ်အနေနဲ့ ပြန်လည် ခေါ်ဆောင်နိုင်ခဲ့တာပါ။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ကိုရီးယားနိုင်ငံကနေ ၉၆ ဦး၊ ဂျပန်နိုင်ငံကနေ ၁၉၅ ဦး၊ ထိုင်းနိုင်ငံကနေ ၁၃၅ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ၃၈ ဦးနဲ့ စင်ကာပူနိုင်ငံကနေ ၁၄၄ ဦးတို့ကို ပြန်လည် ခေါ်ဆောင်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ဒီ ၆၀၈ ဦးထဲမှာ သံဃာတော်တွေ၊ ဆေးကုသဖို့သွားရောက်စဉ် ပိတ်မိနေတဲ့ လူနာတွေ၊ သက်ကြီး ရွယ်အိုတွေ၊ အစိုးရပညာတော်သင်တွေ၊ ကိုယ့်စရိတ်နဲ့ကိုယ် ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ အလုပ်လုပ်ခွင့်ပါမစ်နဲ့ အလုပ်လုပ်ကိုင်နေသူတွေ၊ အကျဉ်းထောင်က လွတ်မြောက်လာသူတွေ ပါဝင်ပါတယ်။

သူတို့ဟာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားတဲ့ သတ်မှတ်ချက်တွေနဲ့အညီ သီးခြားသတ်မှတ်ပေးထားတဲ့နေရာ သို့မဟုတ် သတ်မှတ်ဟိုတယ်တွေမှာ ၂၁ ရက်တာ အသွားအလာ ကန့်သတ် နေထိုင်သွားကြရမှာပါ။ အခုလို ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်နိုင်ရေးကို သက်ဆိုင်ရာမြန်မာသံရုံးတွေနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့က သက်ဆိုင်ရာနိုင်ငံတွေကို ညှိနှိုင်းဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Photo – MOFA
KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top