အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အမည်မသိရောဂါက အော်ဂင်နိုကလိုရင်း ဓာတုပစ္စည်းနဲ့ ဆက်စပ်နေဖွယ်ရှိဟု ဆို

8-12-2020-yyl-006.jpg

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အမည်မသိ ရောဂါကြောင့် လူတစ်ယောက် သေဆုံးပြီး လူ ၄၀၀ ကျော် ဆေးရုံရောက်ခဲ့တဲ့ဖြစ်ရပ်က စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး ဒါမှမဟုတ် ခြင်ဖျန်းဆေးတွေမှာ အော်ဂင်နိုကလိုရင်း(organochlorine) ဓာတုပစ္စည်း ပါဝင်နိုင်ခြေရှိမှုနဲ့ ဆက်စပ်နေသလားဆိုတာကို အိန္ဒိယအာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။

အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒက်ရှ်ပြည်နယ်မှာ ကလေးငယ် ၃၀၀ ကျော် အပါအဝင် လူ ၄၀၀ ကျော်က ခွဲခြားဖော်ထုတ်နိုင်ခြင်းမရှိသေးတဲ့ ရောဂါတစ်မျိုး ခံစားခဲ့ရပြီး အများစုက ခေါင်းမူးတာ၊ မူးဝေတာ၊ ခေါင်းကိုက်တာ၊ အော့အန်တာ စတဲ့ ရောဂါလက္ခဏာတွေ ခံစားခဲ့ရပါတယ်။ သူတို့တွေကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရာမှာ ရောဂါပိုးမရှိဘူးလို့ တွေ့ရပါတယ်။

အစိုးရရဲ့ ကျန်းမာရေးကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွေးနွေးခဲ့တဲ့ အန်ဒရာပရာဒက်ရှ်ပြည်နယ် ပြည်ထောင်စုလွှတ်တော်အမတ် နာရာဆင်ဟာရာအိုကတော့ အဲဒီဖြစ်ရပ်ဟာ အဆိပ်သင့်စေတဲ့ အော်ဂင်နိုကလိုရင်း ဓာတုပစ္စည်းကြောင့် ဖြစ်နိုင်ခြေများတယ်လို့ ဆိုပါတယ်။ အော်ဂင်နိုကလိုရင်းဓာတုပစ္စည်းဟာ ကင်ဆာ၊ တခြားရောဂါ ဖြစ်ပွားမှုတွေနဲ့ ဆက်စပ်နေတယ်လို့ သုတေသနမှာ တွေ့ရှိခဲ့ပြီးနောက် ကမ္ဘာ့နိုင်ငံအများစုမှာ အော်ဂင်နိုကလိုရင်းဓာတုပစ္စည်း အသုံးပြုမှုကို ပိတ်ပင်တာ၊ ကန့်သတ်တာတွေ လုပ်ထားပါတယ်။

ဒါပေမဲ့ အော်ဂင်နိုကလိုရင်းဓာတုပစ္စည်းဟာ ဓာတ်ပြိုကွဲဖို့ ခက်ခဲပြီး သဘာဝပတ်ဝန်းကျင်မှာ နှစ်ပေါင်းများစွာ ရှိနေနိုင်သလို တိရစ္ဆာန်နဲ့ လူသားတွေရဲ့ အဆီပြင်ထဲမှာလည်း ရှိနေနိုင်ပါတယ်။ အိန္ဒိယနိုင်ငံမှာ အော်ဂင်နိုကလိုရင်းဓာတုပစ္စည်းကို ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့လဲဆိုတာ မသိရသေးပါဘူး။ ဒါပေမဲ့ ခြင်ဖျန်းဆေးတွေမှာ အသုံးပြုတဲ့ DDT ကွန်ပေါင်းထဲမှာတော့ အော်ဂင်နိုကလိုရင်းကို တွေ့ရပါတယ်။

အော်ဂင်နိုကလိုရင်း ပါဝင်တဲ့ စိုက်ပျိုးရေးပိုးသတ်ဆေးတွေနဲ့ အခိုက်အတန့်ကြာ ထိမိလိုက်ရင် တက်တာ၊ ခေါင်းကိုက်တာ၊ မူးဝေတာ၊ မအီမသာဖြစ်တာ၊ အော့အန်တာ၊ ကြွက်သားအားနည်းတာ၊ စကားမပီတာ၊ သားရည်ကျတာ၊ ချွေးထွက်များတာ စတဲ့ လက္ခဏာတွေ ခံစားရနိုင်တယ်လို့ အမေရိကန်ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့အားလပ်ရက်က အန်ဒရာပရာဒက်ရှ်ပြည်နယ်မှာ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ယောက် သေဆုံးခဲ့ရပေမဲ့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာပဲ ရောဂါပြင်းထန်တဲ့ လူနာ တစ်ယောက်မျှ မရှိဘူးလို့ အန်ဒရာပရာဒက်ရှ်ပြည်နယ် ပြည်သူ့ကျန်းမာရေးညွှန်ကြားရေးမှူး ဂီတာက ပြောပါတယ်။

Ref: Reuters : India investigates if organochlorines behind unknown illness”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top