ပေါင် ၃၅၀ ရှိတဲ့ဝက်ဝံရဲ့ရန်ကနေခွေးလေးရဲ့အသက်ကို ကြိုးစားကယ်တင်ခဲ့တဲ့ အမျိုးသား

8-12-2020-yyl-007.jpg

သခင်တွေက မိမိရဲ့အသက်ကို ပဓာနမထားဘဲ အိမ်မွေးတိရစ္ဆာန်ခွေးလေးတွေကို ကယ်တင်ခဲ့တဲ့ဖြစ်ရပ်တွေက အခုနောက်ပိုင်း သတင်းမီဒီယာတွေမှာ တော်တော်လေးတွေ့နေရပါတယ်။ အခုလည်း အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်က ကာလက်ဘ် ဘန်ဟမ်းမ် (Kaleb Benham) ဆိုတဲ့ အမျိုးသားတစ်ဦးဟာ သူ့ရဲ့ခွေးလေးကို ပေါင် ၃၅၀ ရှိတဲ့ ဝက်ဝံရဲ့အန္တရာယ်ကနေ ကယ်တင်ခဲ့ပါတယ်။ ဖြစ်စဉ်က ဒီလိုပါ။ ကာလက်ဘ်က သူ့နေအိမ်မှာ ရှိနေတုန်း ဥယျာဉ်ထဲကနေ ထူးဆန်းတဲ့အသံကိုကြားခဲ့ရပါတယ်။ ဘာဖြစ်လို့များပါလိမ့်ဆိုပြီး စူးစမ်းဖို့် အပြင်ထွက်ကြည့်တော့ အညိုရောင်ဝက်ဝံတစ်ကောင်ကို သူ့ရဲ့Pitbull ခွေးအမျိုးအစား ဘက်ဒီကို ဒရွတ်တိုက်ဆွဲခေါ်သွားနေတာကို မြင်ခဲ့ရပါတယ်။

ဝက်ဝံက သူ့ရဲ့ပါးစပ်နဲ့ ခွေးလေးရဲ့ ခေါင်းကို ကိုက်ပြီး ဒရွတ်တိုက်ဆွဲသွားနေတာဖြစ်တယ်လို့ ကာလက်ဘ်က ဆိုပါတယ်။ အဲလိုမြင်ပြီး သူ့ခေါင်းထဲ အရင်ဆုံးရောက်လာတာက သူ့ခွေးလေးကို ကယ်တင်ဖို့ပါပဲ။ “ကျွန်တော် ဝက်ဝံရှိတဲ့နေရာကို ပြေးဆင်းသွားခဲ့ပြီး ဝက်ဝံကို အားနဲ့ပြေးရိုက်ခဲ့ကာ ရင်ဆိုင်ခဲ့တာပါ။ ခွေးလေးကို လွှတ်ပေးတဲ့အထိ ဝက်ဝံရဲ့လည်မျိုကို စုပ်ကိုင်ပြီး မျက်နှာနဲ့မျက်လုံးတို့ကို ရိုက်ပစ်ခဲ့တယ်” လို့ ကာလက်ဘ်က ဆိုပါတယ်။

ဝက်ဝံဆီကနေ ခွေးလေးကို မရမက ပြန်လည်ဆွဲခေါ်ကယ်တင်ပြီးတဲ့နောက်မှာ ဘေးပတ်ဝန်းကျင်ကို အကူအညီလှမ်းတောင်းဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကျေးဇူးတော်နေ့မတိုင်ခင် ၁ ရက်မှာ ဖြစ်ခဲ့တာကြောင့် သူ သိတဲ့ တိရစ္ဆာန်ဆေးကုခန်းကလည်း ပိတ်နေပြီး အိမ်နီးနားချင်းတချို့ကလည်း ဆွေမျိုးမိသားစုတွေဆီပြန်နေကြတဲ့အတွက် ထိတ်ထိတ်ပျာပျာဖြစ်ခဲ့ရပါတယ်။ “အစက ကျွန်တော် ခွေးလေးကို ဆုံးရှုံးရတော့မယ်လို့ ထင်ခဲ့တယ်။ ကံကောင်းချင်တော့ ဖွင့်ထားတဲ့ တိရစ္ဆာန်ဆေးကုခန်းကို တွေ့ခဲ့တယ်”လို့ ကာလက်ဘ်က ဆိုပါတယ်။

ကာလက်ဘ်က ချက်ချင်းပဲ ဘက်ဒီကို ခွဲစိပ်ကုသမှုခံယူစေခဲ့ပါတယ်။ ခွေးလေးရဲ့ဒဏ်ရာတွေကို ချုပ်လိုက်ရတဲ့အပြင် အရည်တွေ ဖောက်ထုတ်ဖို့အတွက် ဦးခေါင်းထဲကို ပြွန်ထည့်ခဲ့ရပါတယ်။ ဘက်ဒီ အခုလို ထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက် အခုဆိုရင် ကာလက်ဘ်က ဘက်ဒီဆီကို ဝက်ဝံပြန်ရောက်လာမှာကို စိုးရိမ်နေပါတယ်။ ဝက်ဝံပြန်ရောက်လာမှာ စိုးရိမ်တဲ့အတွက် ပြတင်းပေါက်နားမှာ ၃ နာရီခွဲကြာအောင် ရပ်နေပြီး စောင့်ကြည့်နေရတယ်လို့ ဆိုပါတယ်။ ခွေးလေးကို ကယ်တင်ဖို့အတွက် ဝက်ဝံကို ရင်ဆိုင်တိုက်ခိုက်တာက မိုက်ရူးရဲဆန်တယ်လို့ တချို့လူတွေက ထင်နေကြပေမဲ့ ကာလက်ဘ်ကတော့ “မင်းတို့ရဲ့ကလေးသာဆိုရင် ဘယ်လိုလုပ်မလဲ။ ဒါက ကျွန်တော်ရဲ့ကလေးတစ်ယောက်လိုဖြစ်တဲ့အတွက် ကျွန်တော့်ခွေးလေးအတွက် သေရဲပါတယ်”လို့ ဆိုပါတယ်။

ကာလက်ဘ်ရဲ့အစ်မကလည်း ဘက်ဒီရဲ့ဆေးဖိုးအတွက် အကူအညီပေးနိုင်ဖို့အတွက်GoFundMe ပေ့ချ်ကို ထောင်ပေးခဲ့ပြီး အဲဒါကနေ ဒေါ်လာ ၂ ထောင်ကျော် ရရှိနေပါတယ်။

Ref: Ladbible “Man Tackles 350-Pound Bear To Save His Dog’s Life”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top