ဟိမဝန္တာနယ်စပ်မှာ တရုတ် တပ်ဖွဲ့နဲ့ ပစ်ခတ်မှုဖြစ်ပွားလို့ အိန္ဒိယစစ်သည် ၂၀ သေဆုံး

17-6-2020-yyl-012.jpg

ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ဟိမဝန္တာနယ်စပ်ဒေသမှာ တရုတ်တပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ အနည်းဆုံး အိန္ဒိယစစ်သည် ၂၀ သေဆုံးခဲ့တယ်လို့ အိန္ဒိယအရာရှိတွေက ပြောပါတယ်။ အိန္ဒိယနဲ့ တရုတ်နိုင်ငံကြား တင်းမာမှုမြင့်တက်လာပြီးနောက် အခုလို ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ ဒီတိုက်ခိုက်မှုဟာ အနည်းဆုံး ၄၅ နှစ်တာကာလအတွင်း လူသေဆုံးစေတဲ့ ပထမဆုံး တိုက်ခိုက်မှုဖြစ်ပါတယ်။ အစောပိုင်းမှာ အိန္ဒိယစစ်တပ်က စစ်သည် ၃ ယောက်ပဲ သေဆုံးခဲ့တယ်လို့ ကြေညာခဲ့ပြီး နှစ်ဖက်စလုံး စစ်သည်ကျဆုံးမှုရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲဒီနောက် နာရီပိုင်းအကြာမှာပဲ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားတဲ့ စစ်သည်တွေ သေဆုံးခဲ့တယ်လို့ အိန္ဒိယအရာရှိတွေက ပြောပါတယ်။

တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့သီတင်းပတ်က ချုပ်ဆိုခဲ့တဲ့ ဂယ်ဝမ်တောင်ကြား လက်တွေ့ထိန်းချုပ်ရေးစည်း(LAC)သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲခဲ့ပါတယ်။ တရုတ်နိုင်ငံကတော့ သူတို့စစ်သည်တွေ ကျဆုံးမှုရှိတယ်လို့ အတည်ပြုခဲ့ခြင်းမရှိပါဘူး။ အဲဒီတိုက်ခိုက်မှုမှာ သေနတ်တစ်ချက်မျှ ပစ်ခဲ့ခြင်းမရှိဘူးလို့ အိန္ဒိယနိုင်ငံက ပြောထားပါတယ်။ သေနတ်မပစ်ဘဲ ဘာကြောင့် တိုက်ပွဲဒီလောက်အထိ ပြင်းထန်ခဲ့လဲဆိုတဲ့ အခြေအနေကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ‌ဒေသခံမီဒီယာတွေရဲ့ ဖော်ပြချက်အရတော့ ကျောက်ခဲတွေ၊ တင်းပုတ်တွေကို အသုံးပြုတိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အိန္ဒိယတပ်ဖွဲ့က နယ်စပ်ထဲကို ကျော်ဖြတ်ပြီး တရုတ်နိုင်ငံပိုင်နက်ထဲ ဝင်ရောက်လာခဲ့တာလို့ စွပ်စွဲထားပါတယ်။ ဟိမဝန္တာတောင်တန်းပေါ်က တပ်ဖွဲ့နှစ်ခုကြားမှာ အရမ်းတင်းမာလွန်းတဲ့ အခြေအနေ ရှိနေပြီး တိုက်ပွဲအကြီးအကျယ် မဖြစ်အောင် ထိန်းချုပ်နိုင်ဖို့ ဖိအားကြီးထွားလာလိမ့်မယ်လို့ ဘီဘီစီသတင်းဌာနရဲ့ သံတမန်ရေးရာ ဂျာနယ်လစ် ဂျိမ်းစ်ရော်ဘင်က ပြောပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top