Texas တက္ကသိုလ်မှာတာဝန်ထမ်းဆောင်မယ့် အော်စကာဆုရှင်ပါမောက္ခ

img1-5.jpg

“Dazed and Confused”, ”The Wolf of Wall Street” နဲ့ “Dallas Buyers Club” တို့လိုရုပ်ရှင်ကားတွေမှာသရုပ်ဆောင်ထားတဲ့ အမေရိကန်ရုပ်ရှင်မင်းသား မက်သယူး မက်ကွန်နော့ဂ်ဟေး (Matthew McConaughey) ကိုတော့ ရုပ်ရှင်စွဲစွဲမြဲမြဲကြည်သူတွေဆိုရင် ပိုပြီးရင်းရင်းနှီးသိကြမှာပါ။ အခု သူက မူရင်းအသက်မွေးအလုပ်ဖြစ်တဲ့ရုပ်ရှင်သရုပ်ဆောင်ဘဝနဲ့ မတူကွဲပြားနေတဲ့ တက္ကသိုလ်ဆရာအလုပ်ကိုလည်းလုပ်ကိုင်သွားတော့မယ်လို့သိရပါတယ်။

အမေရိကန်ပြည်ထောင်စုက တက္ကဆက် (Texas) ပြည်နယ်သား မက်သယူးက သူ့ရဲ့ ရေဒီယို၊ ရုပ်သံနဲ့ ရုပ်ရှင်ထုတ်လွှင့်မှုအတတ်ပညာဘွဲ့ကို အော်စတင်မြို့က တက္ကဆက်တက္ကသိုလ်မှာပဲတက်ရောက်သင်ကြားပြီးရရှိခဲ့တာပါ။ ရုပ်ရှင်ရိုက်ကူးရေးအလုပ်တွေလုပ်ကိုင်နေစဉ်အတွင်း တစ်ဘက်မှာလည်း တက္ကဆက်တက္ကသိုလ်ရဲ့ ရုပ်သံထုတ်လုပ်မှုအတတ်ပညာဌာနမှာ ဧည့်သည်သရုပ်ပြဆရာအဖြစ် ၂၀၁၅ ခုနှစ်ကစပြီး တာဝန်ယူဆောင်ရွက်ပေးခဲ့ပါတယ်။

အခုတော့ အော်စကာဆုရှင်သရုပ်ဆောင်ဖြစ်သူ မက်သယူးဟာ တက္ကဆက်တက္ကသိုလ်ရဲ့ ရေဒီယို၊ ရုပ်သံနဲ့ ရုပ်ရှင်ထုတ်လွှင့်မှုအတတ်ပညာဌာနမှာ ပါမောက္ခရာထူးနဲ့ တရားဝင်ထမ်းဆောင်သွားတာ့မှာဖြစ်ပါတယ်။ သူက “ဇာတ်ညွှန်းစာရွက်ပေါ်မှ ပိတ်ကားထက်ဆီသို့” ဆိုတဲ့ ရုပ်ရှင်ထုတ်လုပ်ခြင်းပညာရပ်သင်ခန်းစာကို သင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်းကိုလည်း ကျောင်းရဲ့တွစ်တာစာမျက်နှာမှာဖော်ပြထားပါတယ်။ တက္ကသိုလ်တာဝန်ရှိသူတွေက မက်သယူးရဲ့ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုနဲ့ ကျောင်းအတွက် ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ အခုလို ပါမောက္ခရာထူး အပ်နှင်း တာဝန်ပေးဖို့ဆုံးဖြတ်ခဲ့ကြတာပါ။

မက်သယူးနဲ့ သူ့ဇနီးသည် အဲဗက်စ်တို့ဟာ လွန်ခဲ့တဲ့ (၈) နှစ်လောက်ကတည်းက အော်စတင်မြို့ကို စတင် ပြောင်းရွှေ့နေထိုင်ခဲ့ကြတာပါ။ အဲဒီလို ပြောင်းရွှေ့လာခဲ့ခြင်းရဲ့ရည်ရွယ်ချက်နဲ့ အော်စတင်မြို့ရဲ့ အပြောင်းအလဲတွေအကြောင်းကို အဲဗက်စ်ရဲ့အင်စတာဂရမ်ဗီဒီယိုဖိုင်တစ်ခုမှာ နှစ်ဦးစလုံးက ပြောပြထားဖူးပါတယ်။

“အဆိုးတွေကြားကနေ ပြန်ပြီး တိုးတက်ကောင်းမွန်လာခဲ့တဲ့ အော်စတင်မြို့ရဲ့ လက်ရှိအခြေအနေကို ရေရှည်တည်တံ့အောင် ဆက်ထိန်းထားရမယ်” လို့ မက်သယူးကဆိုခဲ့ပြီး “အခုက တက္ကသိုလ်တွေရှိတဲ့မြို့၊ အစိုးရဌာနတွေရုံးစိုက်တဲ့မြို့ဆိုတာထက်ကို ပိုပြီးတိုးတက်လာတယ်..သိပ်တော်လွန်းသူဆိုတာမရှိနေဘဲ ရှိတဲ့လူတိုင်းကတော်နေတဲ့နေရာတစ်ခုဖြစ်ခဲ့တယ်” လို့လည်း သူက မှတ်ချက်ပြုပါတယ်။

မက်သယူးတို့ဇနီးမောင်နှံဟာ အထက်တန်းကျောင်းသားတွေရဲ့ကျန်းမာရေးနဲ့ ထူးချွန်ထက်မြက်မှုအတွက်လိုအပ်ချက်တွေကို ထောက်ပံ့ကူညီပေးဖို့ Just Keep Livin ဆိုတဲ့ ဖောင်ဒေးရှင်တစ်ခုကိုလည်းတည်ထောင်ထားတာဖြစ်ပြီး အခုလည်း မက်သယူးက သူကျွမ်းကျင်တတ်မြောက်ထားတဲ့ပညာတွေကို တက္ကသိုလ်ကျောင်းသားတွေဆီ လက်ဆင့်ကမ်းမျှဝေပေးသွားဦးမှာဖြစ်ပါတယ်။

Ref: Matthew McConaughey officially joins University of Texas at Austin as a professor
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top