အိပ်မပျော်ခြင်းပြဿနာ (Insomnia) အကြောင်း

insomnia-sleep-disorder.jpg

အိပ်မပျော်တဲ့ရောဂါ (Insomnia) ဟာ အိပ်ပျော်ရန်ခက်ခဲခြင်း၊ အိပ်ပျော်ပြီးလျှင်လည်း နှစ်ခြိုက်စွာ အိပ်ပျော်ရန်ခက်ခဲပြီး မကြာခဏပြန်နိုးနေတတ်ခြင်းကို ဆိုလိုပါတယ်။ နိုးထလာရင်လည်း ကြည်လင်လန်းဆန်းမှု မရှိဘဲ ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ ပညာရှင်များရဲ့ အဆိုအရ တပတ်မှာ အနည်းဆုံး ၃ရက်နဲ့ ၃လခန့် အိပ်မပျော်နိုင်ဖြစ်နေရင်၊ ထိုအိပ်မပျော်ခြင်းပြဿနာကြောင့် နေ့စဉ်ဘဝမှာ ထိခိုက်မှုတွေဖြစ်လာရင် အိပ်မပျော်ခြင်းရောဂါလို့ အမည်တပ်ပါတယ်။

အကြောင်းအရင်းများ
ခဏတာဖြစ်တဲ့ အိပ်မပျော်ခြင်းပြဿနာကတော့

– စိတ်ဖိစီးခြင်း

– စိတ်ထိခိုက်ဖွယ်ရာကိစ္စကြုံကြိုက်ခြင်း

– အိပ်ရာပြောင်းခြင်း

– နာကျင်ခြင်း

– လေယာဉ်ကို အချိန်ကြာမြင့်စွာစီးပြီးချိန် ခရီးပန်းခြင်း

– ဆေးဝါးအချို့သုံးစွဲနေခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

သုံးလအထက်ကျော်ပြီး အိပ်မပျော်ဖြစ်နေရင်တော့ နာတာရှည်ပြဿနာလို့ သတ်မှတ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေ အကြောင်းအရင်းတွေကတော့

– ရောဂါဝေဒနာကြောင့် အိပ်မပျော်ခြင်း ဥပမာ အဆစ်အမြစ်ရောင်ခြင်း၊ ခါးနာခြင်း

– စိတ်ပိုင်းဆိုင်ရာ ပြဿနာများ၊ စိတ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း

– မူးယစ်ဆေးစွဲခြင်း

– အိပ်နေစဉ် ရုတ်တရက် အသက်ရှူရပ်သည့်ရောဂါဖြစ်ခြင်း

– ဆီးချိုရောဂါ စတာတွေဖြစ်ပါတယ်။

သုတေသနတွေအရ စိတ်ဖိစီးမှုများလွန်းသူတွေ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရသူတွေ၊ ဝင်ငွေနည်းသူတွေ၊ စံတော်ချိန်မတူညီတဲ့ ဒေသများဆီ ခရီးသွားသူတွေ၊ လှုပ်ရှားမှုနည်းသူတွေ၊ အလုပ်ချိန် ပြောင်းလဲသူတွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။

အိပ်မပျော်ခြင်း လက္ခဏာများ

အိပ်မပျော်ခြင်းပြဿနာကြုံလာသူတွေမှာ အောက်ပါလက္ခဏာသုံးခုကနေ အနည်းဆုံးတစ်ခု တွေ့နိုင်ပါတယ်။

– မနက်ခင်းတွင် အစောကြီးနိုးနေခြင်း

– အိပ်ရေးမဝခြင်း

– အိပ်ပျော်ရန်ခက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

အဆိုပါပြဿနာတွေကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်း၊ သည်းမခံနိုင်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။

အိပ်မပျော်ခြင်းပြဿနာကို ကုသခြင်း

အိပ်မပျော်ခြင်းပြဿနာဟာ အကြောင်းအရင်းမျိုးစုံကြောင့်ဖြစ်နိုင်ပြီး ကုသဖို့နည်းလမ်းလည်း မျိုးစုံရှိပါတယ်။ အိပ်မပျော်ခြင်းပြဿနာကို နှစ်ရှည်လများ ခံစားလာရသူတွေအတွက် စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေလည်း ရှိပါတယ်။

မိမိဖာသာ လိုက်နာဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ အဓိကအားဖြင့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်း ဖြစ်ပါတယ်။ အိပ်ချိန်မတိုင်မီ ကဖိန်းပါသော အရည်များ (ကော်ဖီ၊ green tea) သောက်ခြင်း၊ အိပ်ခါနီးလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အိပ်ရာပေါ်မှာ မအိပ်ဘဲ ဖုန်းသုံးခြင်း၊ တီဗီကြည့်ခြင်း စတာတွေကို ရှောင်ရှားပေးရပါမယ်။

စိတ်ပိုင်းရုပ်ပိုင်း ကျန်းမာရေးပြဿနာရှိနေရင်လည်း ထိရောက်စွာ ကုသသင့်ပါတယ်။ ရောဂါအခံကြောင့် အိပ်မပျော်ခြင်းကြုံတွေ့နေရတာ ဖြစ်နိုင်ပါတယ်။ အိပ်မပျော်တဲ့ ပြဿနာအတွက် ဆေးဝါးတွေလည်း သောက်သုံးရတတ်ပါတယ်။ ဆရာဝန်ညွှန်ကြားချက် မပါဘဲ သုံးစွဲနိုင်တဲ့ Over-the-Counter ဆေးဝါးတွေလည်း ရှိပါတယ်။ ဥပမာ diphenhydramine ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်ဆေးဝါးမဆို ဘေးထွက်ဆိုးကျိုးရှိနိုင်တာမို့ ရေရှည်သုံးစွဲရမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

အိပ်ခန်းပတ်ဝန်းကျင်မှာလည်း ရနံ့သင်းပျံ့တဲ့ အပင်ငယ်လေးတွေ ထားသိုစိုက်ပျိုးနိုင်ပါတယ်။ မွှေးရနံ့ထွက်စေတဲ့ ပစ္စည်းကလေးတွေလည်း အိပ်ရာအနားထားနိုင်ပါတယ်။

ယခုလိုနည်းလမ်းပေါင်းစုံနဲ့ အိပ်မပျော်တဲ့ပြဿနာကို မဖြေရှင်းနိုင်ရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အထူးသဖြင့် စိတ်ကျန်းမာရေးဆရာဝန်ဆီမှာ ကုသမှုပုံမှန်ခံယူသင့်ပါတယ်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top