သေဆုံးသူ ၁၀၀ ကျော် ရှိလာတဲ့ အာမေးနီးယား-အဇာဘိုင်ဂျန် တိုက်ပွဲ

2-1-2020-yyl-019.jpg

ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကစပြီး ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ နာဂါနို-ကရာဘတ်ဒေသမှာ တိုက်ပွဲဖြစ်ပွားလို့ အရပ်သားတွေအပါအဝင် သေဆုံးသူ ၁၀၀ ကျော် ရှိလာခဲ့ပါပြီ။ ရုရှားနဲ့ ပြင်သစ်နိုင်ငံတွေ အပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ချက်ချင်းအပစ်အခတ် ရပ်စဲကြဖို့ တိုက်တွန်းထားပေမဲ့ သူတို့နိုင်ငံထဲကနေ အာမေးနီးယားတပ်ဖွဲ့တွေ ထွက်မသွားမချင်း ဆက်ပြီးတိုက်ခိုက်သွားမယ်လို့ အဇာဘိုင်ဂျန် သမ္မတ အလီယက်ဗ်က ပြောပါတယ်။ ” ကျွန်တော်တို့ လက်ခံတဲ့ အခြေအနေတစ်ရပ်ပဲ ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံထဲကနေ အာမေးနီးယားတပ်ဖွဲ့တွေ ခြွင်းချက်မရှိ၊ အပြည့်အဝ ဆုတ်ခွာပေးရမယ်”လို့ အလီယက်ဗ်က ဆိုပါတယ်။

ရုရှားနိုင်ငံဟာ အာမေးနီးယားနိုင်ငံနဲ့ စစ်ဘက်ဆိုင်ရာ မဟာမိတ်ဖွဲ့ထားပြီး အာမေးနီးယားနိုင်ငံမှာ စစ်တပ်အခြေစိုက်စခန်း ရှိပေမဲ့ အဇာဘိုင်ဂျန်အစိုးရနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်။ အဲဒီအတွက် အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်အစိုးရတွေကို ရုရှားနိုင်ငံမှာ လာရောက်ဆွေးနွေးကြဖို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂိုင်းလက်ဗ်ရော့က ဖိတ်ခေါ်ထားပါတယ်။ ဒီပဋိပက္ခမှာ အင်အားကြီးနိုင်ငံတွေ ပါဝင်လာကြမှာကိုလည်း စိုးရိမ်ပူပန်နေကြပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့မှာ အာမေးနီးယားကာကွယ်ရေးဝန်ကြီးဌာနက ပစ်ချခံရတဲ့ SU-25 တိုက်လေယာဉ်ပုံကို ထုတ်ပြန်ခဲ့ပြီး တူရကီနိုင်ငံပိုင် F-16 တိုက်လေယာဉ်က ပစ်ခဲ့တာလို့ ဆိုခဲ့ပါတယ်။ အဇာဘိုင်ဂျန်နိုင်ငံရဲ့ အဓိကမဟာမိတ်နိုင်ငံဖြစ်တဲ့ တူရကီနိုင်ငံကတော့ အဲဒီစွပ်စွဲချက်ကို ငြင်းဆန်ခဲ့ပါတယ်။ ဒီပဋိပက္ခကြောင့် နေတိုးအဖွဲ့ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ပြင်သစ်နဲ့ တူရကီနိုင်ငံကြား တင်းမာမှုတွေ မြင့်တက်စေခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှာ အာမေးနီးယားအနွယ်ဝင် အများအပြား နေထိုင်ပြီး တူရကီနိုင်ငံက တာကစ်နွယ်ဝင်တွေ နေထိုင်တဲ့ အဇာဘိုင်ဂျန်နိုင်ငံကို အားပေးထောက်ခံခဲ့တဲ့ အစဉ်အလာရှိပါတယ်။

နာဂါနို-ကရာဘတ်ဒေသဆိုတာ ဆိုဗီယက်ပြည်ထောင်စုဟောင်းမှာ ပါဝင်ခဲ့တဲ့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်နယ်စပ်မှာ တည်ရှိပြီး စတုရန်းမိုင် ၁၇၀၀ ကျယ်ဝန်းတဲ့ တောင်တန်းဒေသပါ။ ဒီဒေသကို အဇာဘိုင်ဂျန်ပိုင်နက်လို့ တရားဝင်သတ်မှတ်ပေးထားပေမဲ့ အာမေးနီးယားတိုင်းရင်းသားတွေက ထိန်းချုပ်ခဲ့ကြတာပါ။ နာဂါနို-ကရာဘတ် ဒေသနဲ့ပတ်သက်ပြီး ၁၉၈၈ ခုနှစ်ကနေ ၁၉၉၄ ခုနှစ်ကြား စစ်ပွဲဖြစ်ပွားခဲ့လို့ လူ ၃၀၀၀၀ လောက် သေဆုံးခဲ့ပြီး လူတစ်သန်းလောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top