ဒေါ်နယ်ထရမ့်က အီရန်ကို စစ်တိုက်ဖို့ အကြောင်းရှာနေတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး စွပ်စွဲ

30-12-2020-yyl41.jpg

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံကို တိုက်ခိုက်ဖို့ အကြောင်းရှာနေတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာရစ်က စွပ်စွဲလိုက်ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ အမေရိကန်စစ်တပ်က နျူကလီးယားဒုံးကျည် တင်ဆောင်နိုင်တဲ့ B-52 ဗုံးကြဲလေယာဉ်နှစ်စင်းကို အရှေ့အလယ်ပိုင်းဆီ စေလွှတ်ခဲ့တာဟာ အီရန်နိုင်ငံကို သတိပေးတဲ့ အနေအထားဖြစ်ခဲ့ပါတယ်။

” အမေရိကန်နိုင်ငံမှာ ကြုံနေရတဲ့ ကိုဗစ်-၁၉ ရောဂါကို တိုက်ဖျက်ရမယ့်အစား ဒေါ်နယ်ထရမ့်နဲ့ အပေါင်းအပါတွေက ကျွန်တော်တို့ဒေသမှာ B52 ဗုံးကြဲလေယာဉ်တွေ ပျံသန်းဖို့၊ စစ်သင်္ဘောတွေ စေလွှတ်ဖို့ ဒေါ်လာဘီလျံချီ ဖြုန်းတီးနေတယ်။ အီရတ်နိုင်ငံကရတဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်တွေအရ စစ်တိုက်ဖို့ အကြောင်းပြချက် ဖန်တီးနေတယ်လို့ တွေ့ရတယ်” လို့ ဂျာဗက်ဇာရစ်က တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဗုံးကြဲလေယာဉ်၂ စင်းလုံး အရှေ့အလယ်ပိုင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။ ဒါ့အပြင် ဆိုမာလီကမ်းလွန်ဘက်မှာရှိပြီး အရှေ့အလယ်ပိုင်းမှာ လှုပ်ရှားလေ့ရှိတဲ့ နီမစ်ဇ်လေယာဉ်တင်သင်္ဘောကိုလည်း အိမ်ပြန်ပို့မယ်လို့ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ ပင်တဂွန်စစ်ဌာနချုပ်က ကြေညာခဲ့ပါတယ်။ အဲဒီလုပ်ရပ်က အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုလျှော့ချဖို့ ကြိုးစားတာဖြစ်တယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။

ဇန်နဝါရီလ ၃ ရက်မှာ အီရန်စစ်ဗိုလ်ချုပ် ဆိုလေမာနီ လုပ်ကြံခံရတဲ့ တစ်နှစ်ပြည့် နှစ်ပတ်လည် ကျရောက်မှာဖြစ်ပြီး အဲဒီမတိုင်ခင် အီရန်နိုင်ငံရဲ့ ထောက်ပံ့မှုရရှိထားတဲ့ တပ်ဖွဲ့တွေက ဘာတွေလုပ်လာနိုင်လဲဆိုတာကို စိုးရိမ်ပူပန်ပြီး စောင့်ကြည့်လျက်ရှိပါတယ်။ အီရတ်နိုင်ငံမှာရှိတဲ့ အမေရိကန် အဆောက်အအုံတွေအပေါ် အမြောက်ဆန်ကျရောက်မှုဟာ အီရန်နိုင်ငံ ထောက်ပံ့ပေးနေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေရဲ့ လက်ချက်ဖြစ်တယ်လို့ အမေရိကန်အစိုးရက စွပ်စွဲထားပါတယ်။ ဒါပေမဲ့ ပြည်သူ့စစ်အဖွဲ့တွေကတော့ သူတို့လက်ချက်လို့ ထုတ်ပြန်ကြေညာခြင်းမရှိပါဘူး။

Ref: Reuters ” Iran’s foreign minister says Trump trying to fabricate pretext to attack Iran”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top