ဝူဟန်မြို့မှာ ကိုဗစ်ရောဂါ ကူးစက်ခံရသူက တရားဝင်ထုတ်ပြန်ချက်ရဲ့ ၁၀ ဆနီးပါး ရှိတယ်လို့ သုတေသနမှာ ဖော်ပြ

30-12-2020-yyl37.jpg

ကိုဗစ်-၁၉ ရောဂါ စတင်ကူးစက်ပြန့်ပွားခဲ့တဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ လူဦးရေရဲ့ ၅ ရာခိုင်နှုန်း ရောဂါကူးစက်ခံရဖွယ်ရှိတယ်လို့ တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ(CDC)က သုတေသီတွေရဲ့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။ ဝူဟန်မြို့မှာ ခန့်မှန်းခြေအားဖြင့် လူ ၁၁ သန်းရှိလို့ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၅ သိန်းလောက်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

အဲဒီလေ့လာမှု မှန်ကန်မယ်ဆိုရင်တော့ ဝူဟန်မြို့မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက်က တရားဝင် ထုတ်ပြန်မှု ( ၅၀၃၅၄ ဦး)ထက် ၁၀ ဆလောက် ပိုများနေပါတယ်။ တရုတ်နိုင်ငံရဲ့ တရားဝင် လူနာစာရင်းထဲမှာ ရောဂါလက္ခဏာမပြဘဲ ရောဂါရှိသူတွေကို ထည့်သွင်းတွက်ချက်ခြင်း မရှိပါဘူး။

အခုနှစ်အစောပိုင်းက ပြုလုပ်ခဲ့တဲ့ လေ့လာမှုဟာ ဝူဟန်မြို့မှာ နေထိုင်သူတွေအပြင်၊ ဘေဂျင်း၊ ရှန်ဟိုင်းနဲ့ တခြားပြည်နယ် ၄ ခုမှာ နေထိုင်သူ ၃၄၀၀၀ ဆီကနေ နမူနာတွေယူပြီး လေ့လာခဲ့တယ်ဖြစ်တယ်လို့ CDC ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဝူဟန်မြို့မှာ နေထိုင်သူ ၄.၄၃ ရာခိုင်နှုန်းရဲ့ ကိုယ်ခံအားစနစ်ထဲမှာ ကိုဗစ်-၁၉ ရောဂါကို တွန်းလှန်နိုင်တဲ့ ပဋိပစ္စည်းတွေ ထွက်နေပြီး ဟူပေပြည်နယ်တစ်ခုလုံးမှာတော့ ပဋိပစ္စည်းထွက်သူ ဝ.၄၄ ရာခိုင်နှုန်းရှိတာကို သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုးရဲ့ဇစ်မြစ်ကို စုံစမ်းစစ်ဆေးဖို့ ဝူဟန်မြို့ကို နိုင်ငံတကာသိပ္ပံပညာရှင်တွေ ရောက်မလာခင်မှာ အဲဒီသုတေသနတွေ့ရှိချက် ထွက်ပေါ်လာခဲ့တာပါ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top