ဒေါ်နယ်ထရမ့်ရဲ့ စေ့စပ်ညှိနှိုင်းမှုအရ အစ္စရေးနှင့် ယူအေအီးနိုင်ငံကြား သမိုင်းဝင် သဘောတူစာချုပ်ချုပ်ဆို

14-8-2020-yyl-024.jpg

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုကြောင့် အစ္စရေးနဲ့ ယူအေအီးနိုင်ငံကြား ပုံမှန်ဆက်ဆံရေး တည်ဆောက်ဖို့ သမိုင်းဝင် သဘောတူစာချုပ် ချုပ်ဆိုလိုက်ပါပြီ။ အဲဒီစာချုပ်အရ သိမ်းပိုက်ခံအနောက်ကမ်းပါး တစ်စိတ်တစ်ဒေသမှာ သူတို့ရဲ့အချုပ်အခြာအာဏာ သက်ရောက်ရေး ကြိုးပမ်းမှုကို အစ္စရေးနိုင်ငံက ဆိုင်းငံ့လိုက်ပါတယ်။

၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးကြေညာခဲ့တဲ့ အစ္စရေးနိုင်ငံဟာ ၁၉၇၉ ခုနှစ်က အီဂျစ်၊ ၁၉၉၄ ခုနှစ်က ဂျော်ဒန်နိုင်ငံတွေနဲ့ ငြိမ်းချမ်းရေးစာချုပ်တွေ ချုပ်ခဲ့ပြီး ယူအေအီးနဲ့ချုပ်ဆိုခဲ့တဲ့ စာချုပ်ကတော့ အစ္စရေးနိုင်ငံနဲ့ အာရပ်နိုင်ငံတွေကြား တတိယမြောက် ငြိမ်းချမ်းရေးစာချုပ်ဖြစ်ပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ ယူအေအီးနိုင်ငံရဲ့ အိမ်ရှေ့မင်းသား မိုဟာမက်အယ်ဟာယန်တို့ကြား သဘောတူစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး လာမယ့်သီတင်းပတ်တွေအတွင်း အိမ်ဖြူတော်မှာ စာချုပ်လက်မှတ်ရေးထိုးပွဲကျင်းပမယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

အစ္စရေးဟာ အရင်တုန်းက ပင်လယ်ကွေ့ဒေသ အာရပ်နိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေး မရှိခဲ့ပါဘူး။ ဒါပေမဲ့ အီရန်နိုင်ငံအပေါ် စိုးရိမ်ပူပန်တာချင်း တူကြတဲ့အတွက် အစ္စရေးနဲ့ ယူအေအီးနိုင်ငံကြား ကြားဖြတ်ဆက်သွယ်မှု ဖြစ်ပေါ်ခဲ့တာပါ။
ဒီစာချုပ်ဟာ လာမယ့်နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲမှာ တစ်ကျော့ပြန် ရွေးကောက်ခံမယ့် ဒေါ်နယ်ထရမ့်အတွက် နိုင်ငံခြားရေးမူဝါဒအောင်ပွဲတစ်ရပ်အဖြစ် သတ်မှတ်နိုင်သလို အကျင့်ပျက်ခြစားမှုနဲ့ ရုံးတင်စစ်ဆေးခံနေရတဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအပေါ် လူကြိုက်များမှုလည်း အားကောင်းလာစေနိုင်တယ်လို့ နိုင်ငံရေးသုတေသီတွေက ပြောပါတယ်။

ဒေါ်နယ်ထရမ့်နဲ့ နေတန်ယာဟုတို့ နှစ်ယောက်လုံးဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလမှာ တုံ့ပြန်လှုပ်ရှားပုံနည်းလမ်းတွေကြောင့် လူကြိုက်များမှု ကျဆင်းနေကြသူတွေပါ။ အစ္စရေးနဲ့ ယူအေအီးနိုင်ငံကြား သံတမန်ဆက်ဆံရေး တည်ထောင်နိုင်ရေးဟာ အရှေ့အလယ်ပိုင်းဒေသမှာ အီရန်ကို ထိန်းနိုင်စေဖို့ ဒေါ်နယ်ထရမ့် ချမှတ်ထားတဲ့ အရှေ့အလယ်ပိုင်းဒေသမဟာဗျူဟာမှာ အဓိကရည်မှန်းချက်တစ်ခု ဖြစ်ပါတယ်။

အစ္စရေးနဲ့ ယူအေအီးနိုင်ငံကြား သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး အနောက်ကမ်းပါးမှာ အစ္စရေးနိုင်ငံက အချုပ်အခြာအာဏာ လွှမ်းမိုးဖို့ ကြိုးပမ်းမှုဆိုင်းငံ့လိုက်တာကို ဗြိတိန်၊ အီဂျစ်နဲ့ ဂျော်ဒန်နိုင်ငံတွေက ကြိုဆိုခဲ့ပေမဲ့ အီရန်နိုင်ငံ၊ တူရကီနိုင်ငံ၊ ပါလက်စတိုင်းခေါင်းဆောင်တွေနဲ့ ဂါဇာကမ်းမြှောင်ဒေသမှာရှိတဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့တွေက ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။ အစ္စရေးနဲ့ သဘောတူစာချုပ်ချုပ်ဆိုခဲ့တဲ့ ယူအေအီးနိုင်ငံကို သမိုင်းက ခွင့်လွှတ်မှာမဟုတ်ဘူးလို့ တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပေးခဲ့ပါတယ်။

လာမယ့်သီတင်းပတ်တွေမှာ အစ္စရေးနဲ့ ယူအေအီးနိုင်ငံ ကိုယ်စားလှယ်တွေ တွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း၊ လေကြောင်းခရီးစဉ် တိုက်ရိုက်ပျံသန်းရေး၊ လုံခြုံရေး၊ ဆက်သွယ်ရေး၊ နည်းပညာ၊ စွမ်းအင်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်၊ သံရုံးတွေ တည်ထောင်ရေး၊ နှစ်နိုင်ငံ အပြန်အလှန် အကျိုးရှိစေမယ့် သဘောတူစာချုပ်တွေကို လက်မှတ်ရေးထိုးကြမှာပါ။ ယူအေအီးနဲ့ အစ္စရေးနိုင်ငံတို့ဟာ အမေရိကန်နိုင်ငံနဲ့ ပူးပေါင်းပြီး အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ ဗျူဟာမြောက် အစီအစဉ်ကို အကောင်အထည်ဖော်မှာဖြစ်ပြီး သံတမန်ရေးရာ ဆက်ဆံရေးကနေ တည်ငြိမ်အေးချမ်းမှု ပိုမိုကောင်းမွန်ရေး၊ စီးပွားရေးအားကောင်းခိုင်မာမှု မြှင့်တင်ရေး၊ လုံခြုံရေးဆိုင်ရာ အနီးကပ် ပူးပေါင်းဆောင်ရွက်မှု ပိုလုပ်ရေး စတဲ့ ကတိကဝတ်တွေလည်း ထားရှိခဲ့ပါတယ်။

Ref: BBC ” Israel and UAE strike historic deal to normalise relations”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top