ကျောရိုးပြတ်တောက်သွားသူက အစားထိုးကိရိယာသုံးပြီး လမ်းလျှောက်နိုင်တဲ့ ကမ္ဘာ့ပထမဆုံး ဖြစ်လာ

8-2-2022-yyl04.jpg

ကျောရိုးပြတ်တောက်သွားလို့ ကိုယ်တစ်ပိုင်းသေခဲ့တဲ့ အမျိုးသားတစ်ယောက်ဟာ ဆွစ်ဇာလန်သုတေသီအဖွဲ့ ဖန်တီးထားတဲ့ အစားထိုးကိရိယာအကူအညီကြောင့် လမ်းပျောက်လျှောက်နိုင်ခဲ့ပါပြီ။ မိုက်ကယ်ရိုကာတီဟာ လွန်ခဲ့တဲ့ ၅ နှစ်က ဆိုင်ကယ်မတော်တဆမှုကြောင့် ကျောရိုးပြတ်တောက်သွားခဲ့ပြီး ခြေထောက်တွေ အာရုံခံစားနိုင်ခြင်းမရှိတော့ပါဘူး။ အရင်တုန်းက ဒီလိုအခြေအနေမျိုး ကြုံရသူတွေဟာ လမ်းပျောက်နိုင်ခြင်း မရှိကြပါဘူး။

ဒါပေမဲ့ ရိုကာတီကတော့ ကျောရိုးပြတ်တောက်သွားသူတွေထဲမှာ လမ်းပြန်လျောက်နိုင်တဲ့ ကမ္ဘာ့ပထမဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ကျောရိုးမထဲက အာရုံကြောတွေဟာ ဦးနှောက်ရဲ့အချက်ပြမှုတွေကို ခြေထောက်ထံ ပို့ဆောင်ပေးတာပါ။ ဒါကြောင့် အာရုံကြောတွေ ထိခိုက်ပျက်စီးသွားရင် လူတွေ ကိုယ်တစ်ပိုင်း သေသွားလေ့ရှိပါတယ်။ ရိုကာတီကတော့ ကျောရိုးမကြီး လုံးဝပြတ်တောက်သွားလို့ ဦးနှောက်ရဲ့အချက်ပြမှုတွေက သူ့ခြေထောက်တွေဆီ လုံးဝမရောက်တော့ပါဘူး။

ဒါပေမဲ့ ကျောရိုးမှာ အစားထိုးကိရိယာထည့်သွင်းပြီး အာရုံကြောတချို့ကို လျှပ်စစ်ငုတ်တိုင်နဲ့ ဆက်သွယ်ပေးလိုက်လို့ ခြေထောက်တွေဆီ အချက်ပြမှုတွေ တိုက်ရိုက်ရောက်ရှိသွားတာကြောင့် သူ လမ်းပြန်လျှောက်နိုင်ခဲ့တာပါ။ ဒီနည်းပညာက ကျောရိုးမကြီး ဒဏ်ရာရရှိမှုတွေအတွက် ကုသနည်းအဆင့် မရောက်သေးဘူး၊ နေ့စဉ်ဘဝမှာ အသုံးပြုနိုင်လောက်တဲ့အထိ မလွယ်ကူသေးဘူး၊ အရမ်းရှုပ်ထွေးနေသေးတယ်လို့ သုတေသီတွေက ပြောပါတယ်။ ဒါပေမဲ့ (ကျောရိုးမ ဒဏ်ရာရသူတွေရဲ့)လူနေမှုဘဝ တိုးတက်လာဖို့ အဓိကခြေလှမ်းတစ်လှမ်းဖြစ်တယ်လို့ ဆိုပါတယ်။ ရိုကာတီကတော့ ဒီနည်းပညာဟာ သူ့အတွက် ဘုရားပေးတဲ့လက်ဆောင်ပဲလို့ ဆိုပါတယ်။ ” မတ်တတ်ရပ်နိုင်ပြီ။ သွားချင်တဲ့နေရာ သွားလို့ရပြီ။ လှေကားထစ်တွေလည်း တက်နိုင်ပြီ။ ပုံမှန်ဘဝမျိုးလောက် ဖြစ်နေပါပြီ” လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ ရိုကာတီ လမ်းပြန်လျှောက်နိုင်ခဲ့တဲ့ နည်းပညာအကူအညီ တစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။

ရိုကာတီက သံမဏိစိတ်ဓာတ် ပိုင်ဆိုင်သူပါ။ မတော်တဆဖြစ်ခဲ့ချိန်ကစပြီး သူတတ်နိုင်သလောက် အခြေအနေ တိုးတက်အောင် ကြိုးစားမယ်လို့ စိတ်ပိုင်းဖြတ်ထားခဲ့တာပါ။ ” ကျွန်တော်က လက်ဝှေ့ထိုးတယ်၊ ပြေးတယ်၊ အားကစားခန်းမမှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်လေ့ရှိတယ်။ ဒါပေမဲ့ မတော်တဆမှု ဖြစ်ပြီးတော့ ကျွန်တော် မြတ်နိုးတဲ့အရာတွေ မလုပ်နိုင်တော့ဘူး။ စိတ်ဓာတ်တော့ မကျပါဘူး။ ပြန်လည်ထူထောင်ရေးကို လုံးဝမရပ်ခဲ့ဘူး။ ဒီပြဿနာကြီးကို ဖြေရှင်းချင်နေတာပါ”လို့ ရိုကာတီက ပြောပါတယ်။ ရိုကာတီရဲ့ တိုးတက်မှုကို အာရုံကြော ခွဲစိတ်ဆရာဝန်တောင် အံ့အားသင့်ရတဲ့အထိပါပဲ။ ဒါပေမဲ့ သူက အစားထိုးကိရိယာတပ်ဆင်ထားချိန်ပဲ လမ်းလျှောက်နိုင်စွမ်း ရှိပါတယ်။

အခုအသုံးပြုခဲ့တဲ့ နည်းပညာဟာ မတော်တဆမှုကြောင့် ကိုယ်တစ်ပိုင်း သေနေတဲ့ လူနာတစ်ယောက်ကိုလည်း တိုးတက်မှုရှိစေခဲ့ပြီး ကလေးအဖေ ဖြစ်လာအောင် အကူအညီပေးနိုင်ခဲ့ပါတယ်။ ဒေးဗစ်အမ်ဇီးလို့ အမည်ရတဲ့ အမျိုးသားဟာ ၂၀၁၀ ပြည့်နှစ်က မတော်တဆမှု ဖြစ်ပွားခဲ့ပြီးနောက်မှာ ကိုယ်တစ်ပိုင်း သေသွားခဲ့တာပါ။ သူ့အနေနဲ့ ကလေးယူဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေမှာ အစားထိုးကိရိယာအကူအညီကြောင့် ကလေးယူနိုင်ခဲ့ပါတယ်။ အခုချိန်မှာ သူ့သမီးလေး ဇိုးလည်း တစ်နှစ်သမီး ဖြစ်နေပါပြီ။

လက်ရှိအချိန်အထိ ကျောရိုးမထဲ အစားထိုးကိရိယာထည့်သွင်းမှု ခံယူထားသူ ၉ ယောက် ရှိနေပြီး သူတို့အားလုံး လမ်းလျှောက်နိုင်စွမ်း ရှိနေပါပြီ။ ဒါပေမဲ့ သူတို့အားလုံးက နေ့စဉ်ဘဝမှာ လမ်းလျှောက်နိုင်ဖို့အတွက် အစားထိုးကိရိယာကို အသုံးပြုခြင်း မရှိပါဘူး။ လမ်းလျှောက်လေ့ကျင့်ဖို့၊ ကြွက်သားလေ့ကျင့်ခန်းလုပ်ဖို့အတွက်ပဲ ဒီကိရိယာကို အသုံးပြုလေ့ရှိပါတယ်။ ကျောရိုးမဒဏ်ရာရသူတွေကို အစားထိုးကိရိယာအသုံးပြုပြီး ကုသနိုင်တဲ့အဆင့်ရောက်ဖို့တော့ ဆေးရုံပိုင်းဆိုင်ရာ စမ်းသပ်မှုတွေ ထပ်လုပ်ရဦးမယ်လို့ ရှက်ဖီးမြို့ မြောက်ပိုင်းအထွေထွေဆေးရုံရဲ့ အကြံပေးတာဝန်ယူထားတဲ့ ေါဒက်တာ ဟာရီဟာရန်က ပြောပါတယ်။

Ref: BBC “Paralysed man with severed spine walks thanks to implant”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top