ဖင်လန်နိုင်ငံက ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် ၅ နှစ်ဆက်တိုက် ရပ်တည်

2-3-2022-yyl05.jpg

၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံတွေစာရင်းမှာတော့ နော်ဒစ်နိုင်ငံတွေပဲ ဦးဆောင်ခဲ့ပြီး ဖင်လန်နိုင်ငံက ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံအဖြစ် ၅ နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၁၅၀ က ပြည်သူတွေရဲ့ အချက်အလက်တွေကို စစ်တမ်းကောက်ယူပြီး ကုလသမဂ္ဂရဲ့ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကွန်ရက်ကနေ ကမ္ဘာ့ပျော်ရွှင်မှုစစ်တမ်းကို ထုတ်ပြန်ခဲ့တာပါ။

လူ့သက်တမ်း ကြာမြင့်မှု၊ တစ်ဦးချင်းဝင်ငွေကောင်းမှု၊ ဒုက္ခရောက်ချိန်မှာ လူမှုအထောက်အပံ့ရရှိမှု၊ အကျင့်ပျက်ခြစားမှု နည်းပါးမှု၊ လူမှုဆက်ဆံရေး ယုံကြည်စိတ်ချရမှု၊ သဒ္ဒါတရားထက်သန်တဲ့ လူ့အဖွဲ့အစည်းရှိပြီး တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် ကူညီကြမှု၊ အရေးပါတဲ့ ဘဝဆုံးဖြတ်ချက်တွေကို လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်မှု အစရှိတဲ့အချက်တွေကြောင့် ပျော်ရွှင်စေတာ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒိန်းမတ်၊ အိုက်စလန်၊ ဆွစ်ဇာလန်၊ နယ်သာလန်နိုင်ငံတွေက ဖင်လန်ရဲ့နောက်မှာ ကပ်လျက်ရပ်တည်ခဲ့ကြပါတယ်။ အခုနှစ်အတွက် ကမ္ဘာ့ပျော်ရွှင်မှု စစ်တမ်းကောက်ယူချိန်မှာ အံ့အားသင့်စရာအချက်တစ်ခုလည်း တွေ့ရှိခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကို ၂ နှစ်ကြာ ရင်ဆိုင်ခဲ့ရတဲ့ကာလအတွင်း ပရဟိတအဖွဲ့အစည်းတွေကို လှူဒါန်းမှု၊ သူစိမ်းတွေကို ကူညီမှု၊ လုပ်အားပေးပါဝင်မှု စတဲ့ လှုပ်ရှားမှု (၃)ခုလုံး သိသိသာသာ မြင့်တက်လာခဲ့တာပါ။ ကပ်ရောဂါမတိုင်ခင်ကာလနဲ့ နှိုင်းယှဉ်ရင် အဲဒီလှုပ်ရှားမှု ၃ ခုလုံးဟာ ကမ္ဘာတစ်ဝန်းမှာ ပျမ်းမျှအားဖြင့် ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။

ကမ္ဘာ့ပျော်ရွှင်မှုစစ်တမ်းမှာ အာဖဂန်နစ္စတန်နိုင်ငံကတော့ နောက်ဆုံးနေရာဖြစ်တဲ့ အဆင့် (၁၄၆)မှာ ရှိနေခဲ့ပြီး ရုရှားနိုင်ငံက အဆင့် (၈၀)၊ ယူကရိန်းနိုင်ငံက အဆင့် (၉၈) နေရာ ရပ်တည်ခဲ့ပါတယ်။

Ref: CNN “The world’s happiest countries for 2022”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top