ကိုရီးယားကျန်မာရေးဝန်ထမ်းတွေအတွက် ခန္ဓာကိုယ်အပူချိန် ထိန်းညှိရေးဝတ်စုံလှူဒါန်းခဲ့တဲ့ အိုင်ယူ

31-8-2020-yyl-022.jpg

ဖေဖော်ဝါရီလကတည်းက စတင်ခဲ့တဲ့ကပ်ရောဂါက ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတာ အခုထိပါပဲ။ တချို့နိုင်ငံတွေမှာ COVID-19 ဒုတိယလှိုင်းတောင်ဖြစ်ပွားနေပါပြီ။ မြန်မာနိုင်ငံမှာလည်းဒုတိယလှိုင်းဖြစ်ပွားနေတဲ့အပြင် ကိုရီးယားနိုင်ငံမှာလည်း ဒုတိယလှိုင်းဖြစ်ပွားလျက်ရှိရာ ပိုးတွေ့လူနာများလာနေတဲ့အတွက် အခြေအနေဆိုးရွားနေပါတယ်။ ကိုရီးယားနိုင်ငံမှာ အနုပညာရှင်တွေလည်း ကိုဗစ်ကူးစက်ခံနေရတဲ့အတွက် ရိုက်လျက်စဇာတ်ကားတွေ၊ ထုတ်လွှင့်ပြသနေတဲ့ဒရာမာတွေနဲ့ အစီအစဉ်တချို့ကို ရပ်နားထားရပါတယ်။ အဲဒီလိုအခြေအနေ ဖြစ်နေရတဲ့အချိန်မှာ ရောဂါကို ရှေ့တန်းကနေ တွန်းလှန်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အနုပညာရှင်တချို့ကလည်း လှူဒါန်းပေးနေကြပါတယ်။ နာမည်ကြီးသရုပ်ဆောင်အဆိုတော်အိုင်ယူဆိုရင်လည်း ရက်ရက်ရောရာနဲ့ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အိုင်ယူက ကိုဗစ်ရောဂါပိုးကို ရှေ့တန်းကနေ တွန်းလှန်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အကူအညီဖြစ်စေမယ့် လှူဒါန်းမှုတစ်ခုပြုလုပ်ခဲ့တာပါ။ သူက Community Chest of Korea အဖွဲ့အစည်းကနေတဆင့် ခန့်မှန်းခြေ ကန်ဒေါ်လာ ၈၄,၄၁၀ တန်ဖိုးရှိတဲ့ ခန္ဓာကိုယ်အပူချိန်ထိန်းညှိရေးဝတ်စုံ (၄,၆၀၀) ကို လှူဒါန်းခဲ့တယ်လို့ Korean Nurses Association အရ သိရပါတယ်။

ကိုဗစ်လူနာတွေကို ဂရုစိုက်ပြီး ရောဂါပိုးစစ်ဆေးဖို့ နမူနာယူနေစဉ် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ ဝတ်ထားရတဲ့ အကာအကွယ်ဝတ်စုံတွေကြောင့် ပူအိုက်နေကြရတာကို ကူညီပေးဖို့အတွက် အိုင်ယူလှူဒါန်းခဲ့တဲ့ ခန္ဓာကိုယ်အပူချိန်ထိန်းညှိရေးဝတ်စုံတွေကို နိုင်ငံတစ်ဝှမ်းက ရောဂါစစ်ဆေးရေးနေရာတွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုတွေကို ပို့ပေးသွားမှာဖြစ်တယ်လို့ The Korean Nurses Association က ပြောပါတယ်။ ဒီအဖွဲ့အစည်းက ကပ်ရောဂါကို တွန်းလှန်နိုင်ဖို့အတွက် ဇွန်လကတည်းက အစိုးရဆေးရုံတွေနဲ့ ရောဂါရှာဖွေရေးစင်တာတွေဆီ လိုအပ်တဲ့ပစ္စည်းတွေကို ပို့ပေးနေခဲ့တာဖြစ်ပါတယ်။

အသက် (၂၇) နှစ်အရွယ်သာရှိသေးတဲ့ အိုင်ယူက အခုနှစ်အတွင်း လှူဒါန်းမှုများစွာလုပ်ခဲ့တဲ့အတွက် အလှူအတန်းရက်ရောတဲ့ သူတစ်ယောက်လို့ပြောလို့ရပါတယ်။ ကိုဗစ်ကို ရှေ့တန်းက တွန်းလှန်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် လှူဒါန်းမှုတွေပြုလုပ်တာ ဒါ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ဖေဖော်ဝါရီလကလည်း ဒေါ်လာ ၁၆၈,၈၂၀ လှူဒါန်းခဲ့တဲ့အပြင် မေလကလည်း ဝင်ငွေနည်းတဲ့ မိသားစုတွေကိုလည်း လှူဒါန်းခဲ့ပါတယ်။ အခုလအတွင်းမှာလည်း ကိုရီးယားနိုင်ငံမှာ မိုးသည်းထန်စွာရွာပြီး ရေကြီးရေလျံမှုဖြစ်ပွားခဲ့တဲ့ဒဏ်ကို ခံခဲ့ရတဲ့သူတွေအတွက် ဒေါ်လာ (၈၄,၄၀၀) (ဝမ် သန်း ၁၀၀) လှူဒါန်းခဲ့ပါတယ်။

Ref: Soompi “IU Donates Cooling Vests To Help Frontline Healthcare Workers Fighting COVID-19 Pandemic”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top