ရုံတင်ရုပ်ရှင်အညွှန်း – Black Panther

bb.jpg

ရိုးရာလေး ပရိသတ်တွေထဲမှာ စူပါဟီးရိုး ရုပ်ရှင်ကြိုက်နှစ်သက်တွေ ပါဝင်ပါသလား။ စူပါဟီးရိုးရုပ်ရှင်ပရိသတ်တွေအတွက် အခုအပတ်မှာ စတင်ရုံတင်လာတာကတော့ Marvel ရဲ့ Black Panther ပဲဖြစ်ပါတယ်။ စူပါဟီးရိုးတွေနဲ့ တည်ဆောက်ထားတဲ့ စိတ်ကူးယဉ် ရုပ်ရှင်ကမ္ဘာ Marvel Cinematic Universe (MCU) အတွက် တစ်ဆယ့်ရှစ်ကားမြောက် ရုပ်ရှင်လဲ ဖြစ်သလို၊ မေလမှာ ရုံတင်မယ့် Marvel superhero တွေ အားလုံးပါဝင်မယ့် Infinity War ဇာတ်ကားမတိုင်ခင် နောက်ဆုံး ရုပ်ရှင်လည်း ဖြစ်ပါတယ်။

(( ဇာတ်လမ်းအကြောင်း ))

အာဖရိကတိုက်ရဲ့ ဝါကန်ဒါဆိုတဲ့ တိုင်းပြည်ငယ်လေးဟာ အရှားပါးဆုံး သတ္တုတစ်မျိုးဖြစ်တဲ့ ဗိုင်ဘရေနီယမ် ပိုင်ဆိုင်ထားလို့ ချမ်းသာပြီး နည်းပညာအတိုးတက်ဆုံးနိုင်ငံ ဖြစ်ပေမယ့် ကျန်တဲ့ တစ်ကမ္ဘာလုံးကိုတော့ ဆင်းရဲမွဲတေနေတဲ့ နိုင်ငံငယ်တစ်ခုအဖြစ် ဟန်ဆောင်ထားပါတယ်။

သူတို့ရဲ့ ခေါင်းဆောင်ဘုရင်ကိုတော့ Black Panther လို့ အဆက်ဆက်က ခေါ်ဆိုကြပြီး ဝါကန်ဒါနိုင်ငံမှာရှိတဲ့ လူမျိုးငါးမျိုးကို ပေါင်းစည်းအုပ်ချုပ်ရတယ်။ ၂၀၁၆ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Civil War ဇာတ်ကားမှာ လက်ရှိ ဝါကန်ဒါဘုရင် တီချာကာ (T’Chaka) သေဆုံးသွားခဲ့ပြီး အိမ်ရှေ့မင်းသား တီချာလာ (T’Challa) မှ အရိုက်အရာဆက်ခံခဲ့ပါတယ်။
တီချာလာ အတွက်စောင့်ကြိုနေတဲ့ စိန်ခေါ်မှုတစ်ခုကတော့ ဝါကန်ဒါတွေ ပိုင်တဲ့ ဗိုင်ဘရေနီယမ်ကို တရားမဝင် မှောင်ခိုရောင်းဝယ်နေတဲ့ လူဆိုးကြီး ယူလိဆီး ကလော (Ulysses Klaue) ကို ကိုရီးယားက မှောင်ခိုအရောင်းအဝယ်နေရာမှာ လက်ရဖမ်းဆီးနိုင်ဖို့ပါပဲ။

(( ဇာတ်ကားအပေါ်သုံးသပ်ခြင်း ))

Black Panther ဇာတ်ကားကို နာမည်ကျော် Rocky ဇာတ်ကားတွဲရဲ့ အဆက် Creed ရုပ်ရှင်ရဲ့ ဒါရိုက်တာ ရိုင်ယန်ကူးဂ်လား မှရိုက်ကူးပြီး အဆိုပါ Creed ဇာတ်ကားရဲ့ အဓိကသရုပ်ဆောင် ဖြစ်တဲ့ မိုက်ကယ် ဘီ ဂျော်ဒန် ကလည်း Black Panther ရဲ့ ဗီလိန်တစ်ယောက်ဖြစ်တဲ့ Killmonger အဖြစ် ပါဝင်လာပါတယ်။ အဓိကဇာတ်ကောင် T’Challa/ Black Panther အဖြစ် ချက်ဒ်ဝစ်ခ် ဘို့စ်မန် မှပါဝင်ထားပြီး ယင်းကာရိုက်တာကို Civil War (2016) ဇာတ်ကားမှာတည်းက ပွဲထုတ်ခဲ့ပြီးသားပါ။ ဒါရိုက်တာ ရိုင်ယန် အတွက်တော့ ဒီဇာတ်ကားဟာ တတိယမြောက်ရုပ်ရှင်ထုတ်လုပ်မှု ဖြစ်ပါတယ်။

Black Panther ဟာနာမည်ကျော် Marvel စူပါဟီးရိုးဇာတ်လမ်းတွဲထဲက ရုပ်ရှင်ဖြစ်တဲ့အတွက် ဘတ်ဂျက်ကို ဒေါ်လာသန်းနှစ်ရာထိ သုံးစွဲခဲ့ပြီး စိတ်ကူးယဉ်သိပ္ပံမြို့တော် ဝါကန်ဒါရဲ့ လှပမှုတွေနဲ့ သေသပ်လှပတဲ့ အက်ရှင်ခန်းတွေ၊ အထူးပြုလုပ်ချက်တွေနဲ့ ပြည့်နှက်နေပါတယ်။ Civil war မှာအစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခဲ့ပေမယ့် Black Panther ရဲ့ဇာတ်လမ်းကို အခုမှ ရုပ်ရှင်ပရိသတ်ကို မိတ်ဆက်ပေးတာဖြစ်ပြီး အမှားအယွင်းနည်းပါးစွာနဲ့ နိုင်ငံတကာရုပ်ရှင် အကဲဖြတ်တွေကလည်း အမှတ်ပြည့်နီးပါးပေးထားကြပါတယ်။

ဒီဇာတ်ကားမှာ တိုက်ခိုက်ခန်းတွေ ကောင်းမွန်လွန်းတာသာမက ဇာတ်လမ်းကလည်း စူပါဟီးရိုးတစ်ယောက်ကို ရုပ်ရှင်ပရိသတ်တွေနဲ့ မိတ်ဆက်ရာမှာ လှလှပပနဲ့ လက်ခံလာအောင် မိတ်ဆက်ပေးနိုင်ခဲ့တယ်လို့ မြင်ပါတယ်။ နောက်ခံအသံနဲ့ ဂီတပိုင်းကလည်း တော်တော်ကောင်းပါတယ်။ ဒါပေမယ့် အင်္ဂလိပ်စကားပြော အနည်းငယ်များပြီး မြန်မာစာတမ်းမထိုးပေးတဲ့အတွက် ဇာတ်လမ်းကို သေသေချာချာနားလည်ဖို့တော့ ကြိုးစားရနိုင်ပါတယ်။ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ထိုင်းနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေအားလုံးမှာ နိုင်ငံခြား ဇာတ်ကားကို ပြသမယ်ဆိုရင် မိခင်ဘာသာစကားနဲ့ စာတမ်းထိုးပေးမယ့် မြန်မာနိုင်ငံမှာ ဒီစနစ်မရှိသေးတာက နိုင်ငံခြားဇာတ်ကားကောင်းတွေကို မြန်မာပြည်သူအများစုနဲ့ ဝေးကွာနေမြဲ ဖြစ်နေစေပါတယ်။

Black Panther ဟာ စူပါဟီးရိုး စိတ်ကူးယဉ်သိပ္ပံ (sci-fi) အက်ရှင်ဇာတ်ကားကောင်း တစ်ကားဖြစ်ပြီး အဆိုပါ အမျိုးအစားရုပ်ရှင်ကြိုက်တဲ့သူတွေအတွက်ရော Marvel ပရိသတ်တွေ အတွက်ပါ မဖြစ်မနေကြည့်သင့်တဲ့ ဇာတ်ကားတစ်ခုလို့ ပြောချင်ပါတယ်။

Rating – 7.5/10

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top