ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ ရေဘေးသင့် အိမ်ထောင်စုပေါင်း (၂,၀၀၀)အတွက် ငွေကျပ် သန်းပေါင်း (၅၃.၈) သန်း တန်ဖိုးရှိ အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ အကျတမျ (ATOM) မှ ပေးအပ်လှူဒါန်း

17.8.23-yyl-14.jpg

မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် မုတ်သုံမိုး သည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပွားခဲ့ရပြီး ပျက်စီးဆုံးရှုံးမှု အမြောက်အမြားကို ကြုံတွေ့ခဲ့ရသည့်အတွက် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ရှိ ရေဘေးသင့်ပြည်သူများကို လိုအပ်သော ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ရန် အက်တမ် (ATOM) မှ မြန်မာငွေကျပ် သန်းပေါင်း (၅၃.၈) သန်း လှူဒါန်းခဲ့သည်။

မုတ်သုံမိုး သည်းထန်စွာရွာသွန်းမှု၏ နောက်ဆက်တွဲအကျိုးဆက်ကြောင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ရှိ ရေဘေးသင့်ပြည်သူများသည် အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြသည့်အပြင် ဒေသခံမိသားစုများသည် အစားအစာနှင့် သန့်ရှင်းသော သောက်သုံးရေတို့ကိုလည်း လုံလောက်စွာ မရရှိသော အခြေအနေတွင် ရှိနေပါသည်။ အက်တမ် (ATOM) ၏ အခြေခံစားသောက်ကုန်များ၊ ရေသန့်စင်ဆေးပြားနှင့် ဓာတ်ဆားရည်များ အဓိကထား လှူဒါန်းမှုသည် ရေဘေးသင့်ဒေသများတွင်ရှိ အိမ်ထောင်စုပေါင်း (၂,၀၀၀) ခန့်ကို တိုက်ရိုက် အကျိုးပြုနိုင်လိမ့်မည်ဟု မျှော်လင့်ထားပါသည်။ အတိအကျအားဖြင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ အိမ်ထောင်စုပေါင်း (၁,၀၀၀) နှင့် ကရင်ပြည်နယ်၏ အဓိကမြို့ကြီးဖြစ်သည့် ဘားအံရှိ အိမ်ထောင်စုပေါင်း (၁,၀၀၀) တို့သည် အက်တမ် (ATOM) ၏ ထောက်ပံ့မှုကို ရရှိသွားမည်ဖြစ်သည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင်ရှိ အကူအညီများဝေမျှပေးရန် စိတ်အားထက်သန်ကြသော အက်တမ် (ATOM) ၏ ဒေသဆိုင်ရာ အဖွဲ့များနှင့် ရန်ကုန်မြို့မှ လုပ်အားပေးရန်ရောက်ရှိနေသော အက်တမ်ဝန်ထမ်းများက လိုအပ်နေသူများထံသို့ ထောက်ပံ့ရေးပစ္စည်းများ လျင်မြန်ထိရောက်စွာ ပေးပို့နိုင်ရန်အတွက် ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။ အက်တမ် (ATOM) သည် အခြေအနေများကို စဉ်ဆက်မပြတ် လေ့လာပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လိုအပ်သလို ဆက်လက်ပေးအပ်သွားရန် ရည်ရွယ်ထားပါသည်။

“လူမှုအသိုင်းအဝိုင်းတွေကို အမြဲကူညီထောက်ပံ့ပေးနိုင်ဖို့ကို တန်ဖိုးတစ်ခုအနေနဲ့ အက်တမ် (ATOM) ရဲ့ နှလုံးသားထဲမှာ အစဉ်အမြဲ ကိန်းအောင်းနေတဲ့အတွက် ကျွန်တော်တို့ရဲ့ အဖွဲ့သားတွေဟာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေထံ လိုအပ်တဲ့ အခြေခံထောက်ပံ့ရေးပစ္စည်းတွေ အမြန်ဆုံးကူညီပို့ဆောင်ပေးခဲ့ပါတယ်။ အက်တမ် (ATOM) က တာဝန်သိ လူမှုအကျိုးပြုအစီအစဉ် (Corporate Responsibility) ရဲ့ အဓိက ဦးတည်ချက်တစ်ခုဖြစ်တဲ့ လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီရေး (Humanitarian Care & Assistance) ကို အခုလို လှူဒါန်းကူညီမှုနဲ့ အကောင်အထည်ဖော် လုပ်ဆောင်လိုက်တာပဲ ဖြစ်ပါတယ်။ အဲ့ဒီဦးတည်ချက်အောက်မှာ ပြည်သူ့ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အရေးပေါ်အခြေအနေတွေ ဒါမှမဟုတ် ကျွန်တော်တို့တတွေ ကြိုတင်ခန့်မှန်းလို့ မရနိုင်တဲ့ ဖြစ်ရပ်တွေအပြင် အခက်အခဲကြုံတွေ့နေချိန်မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ပံ့ပိုးဆောင်ရွက်နိုင်ဖို့ အက်တမ် (ATOM) က ကြိုးပမ်းလျက်ရှိပါတယ်” ဟု အက်တမ် (ATOM) ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးဝင်းပိုင်ကျော်မှ ပြောကြားခဲ့ပါသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ မှ ၂၀၂၃ ခုနှစ်၊ ဇွန်လ အတွင်း တစ်နှစ်တာကာလတွင် အက်တမ် (ATOM) သည် တာဝန်သိ လူမှုအကျိုးပြုအစီအစဉ် (Corporate Responsibility) ၏ အဓိက ဦးတည်ချက်သုံးခုဖြစ်သော ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို ဒစ်ဂျစ်တယ်စနစ်ကူးပြောင်းခြင်း၊ လူမှုဘဝနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေး နှင့် လူသားချင်းစာနာထောက်ထားမှု ဖေးမကူညီခြင်း စသည့် ရည်ရွယ်ချက်များကို ဖော်ဆောင်ရန် မြန်မာငွေ (၁.၇) ဘီလီယံကျပ်ကို လူမှုအဖွဲ့အစည်းကူညီထောက်ပံ့မှုဆိုင်ရာ လုပ်ဆောင်ချက်များအတွက် ခွဲဝေ လှူဒါန်းပေးခဲ့ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top