ကိုယ်ဝန်လွယ်ပြီး ဧဝရတ်တောင်ထိပ်တက်နိုင်ခဲ့တဲ့ ဂင်းနက်စ်စံချိန်တင် အမျိုးသမီး

women.jpg

ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ကို တက်ရောက်နိုင်ဖို့ဆိုတာ အသက်ကို အရင်းအနှီးလုပ်ရပြီး စိတ်ဓာတ်နဲ့ ခန္ဓာ ကြံ့ခိုင်မှုဒီဂရီ အမြင့်ဆုံးရှိဖို့ လိုအပ်တဲ့ ခရီးစဉ်ပါ။

ယောက်ျားရင့်မာကြီးတွေအတွက်တောင် ခက်ခဲလွန်းတဲ့ ဧဝရတ် တောင်တက်ခရီးစဉ်ကို အမျိုးသမီးတစ်ဦးက (၇)ကြိမ်တိုင်တိုင် တက်ရောက်အောင်မြင်ခဲ့ပါတယ်။ သူ့နာမည်က လက်ခ်ပါပါ။ လက်ခ်ပါဟာ ဧဝရတ်တောင်ထိပ်ကို အကြိမ်ရေအများဆုံး တက်ရောက်နိုင်ခဲ့တဲ့ အမျိုးသမီးအဖြစ် ဂင်းနက်စ် စံချိန်တင်ထားပါတယ်။

နီပေါနိုင်ငံ မာကာလူတောင်ခြေက ဝေးလံခေါင်သီတဲ့ ရွာတစ်ရွာမှာ မွေးဖွားခဲ့တဲ့ လက်ခ်ပါဟာ အရွယ်ရောက်ကတည်းက
တောင်တက်သမားတွေနဲ့ လမ်းပြအဖွဲ့တွေအတွက် စားစရာ၊ သောက်စရာ ပြင်ဆင်ပေးရတဲ့ မီးဖိုချောင်အကူအဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက သူဟာ ဧဝရတ်တောင်ပေါ် တက်ရောက်ဖို့ အခွင့်အရေး ခဏခဏ ရခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာတော့ Nepali Women Expedition အစီအစဉ်အရ ဧဝရတ်တောင်ပေါ်ကို ပထမဆုံး အကြိမ် တက်ရောက်နိုင်ခဲ့ပါတယ်။

လက်ခ်ပါဟာ နီပေါနိုင်ငံ ခတ္တမန္ဒူမြို့မှာ ကျင်းပခဲ့တဲ့ တောင်တက်သမားတွေ တွေ့ဆုံပွဲမှာ တောင်တက်သမား ဂျော့နဲ့ ချစ်ကြိုက်ခဲ့ပြီး သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက် လက်ထပ်ခဲ့ကြပါတယ်။ လက်ခ်ပါဟာ ဂျော့နဲ့ မယူခင် အိမ်ထောင်တစ်ဆက်ရှိခဲ့ပြီး သားတစ်ယောက် ထွန်းကားခဲ့သလို ဂျော့နဲ့ သမီးနှစ်ယောက် မွေးဖွားခဲ့ပါတယ်။ လက်ခ်ပါနဲ့ ဂျော့ဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်ကြား ဧဝရတ်တောင်ကို (၅)ကြိမ် တက်ရောက်ခဲ့ကြပါတယ်။ ဧဝရတ်တောင်တက် ခရီးစဉ်(၅)ကြိမ်မှာ တစ်ကြိမ်ကတော့
ကိုယ်ဝန်လွယ်ထားရင်း တက်ခဲ့တာပါ။

”သမီးအကြီးကို မွေးပြီး ရှစ်လအကြာမှာ ဧဝရတ်တောင်ပေါ် တက်ခဲ့တယ်။ နောက်တစ်ကြိမ်ကတော့ သမီးအငယ် က်ိုယ်ဝန် (၂)လရှိနေတဲ့အချိန်ပါ။ အဲဒီလို တောင်တက်ဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ ကျွန်မရဲ့တောင်တက်ခရီးစဉ် အောင်မြင်ခဲ့ပါတယ်”လို့ လက်ခ်ပါက ပြောပါတယ်။ လက်ခ်ပါနဲ့ ဂျော့တို့ဟာ ၂၀၀၄ ခုနှစ်က ဧဝရတ်တောင်တက်ခရီးစဉ်မှာ ပြဿနာဖြစ်ပွားခဲ့ကြပြီး တွန်းလားဆွဲလား ဖြစ်ခဲ့ရာမှာ လက်ခ်ပါ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပါတယ်။ လက်ခ်ပါနဲ့ ဂျော့ဟာ တရားရုံးမှာ ကာလရှည် အမှုရင်ဆိုင်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်မှာတော့ တရားဝင် ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။

တောင်တက်ရာမှာ အရမ်းထူးချွန်ပေမယ့် လက်ခ်ပါဟာ ငယ်ငယ်ကတည်းက ကျောင်းမနေခဲ့ဖူးသလို စာလည်း မတတ်ပါဘူး။ လက်ခ်ပါဟာ သူ စာမတတ်ခဲ့ပေမယ့် သူ့သားသမီးနှစ်ယောက်ကို သူ့လို မဖြစ်စေချင်တဲ့အတွက် သမီးနှစ်ယောက် စာသင်နိုင်ဖို့ အိမ်ဖော်လုပ်ရင်း ငွေရှာခဲ့ပါတယ်။”အိမ်ဖော်လုပ်ရတာ မလွယ်ပါဘူး။ ဒါပေမဲ့ သားသမီးတွေကို ပညာတတ်ဖြစ်စေချင်တယ်လေ။ ဒါကြောင့် သူတို့အတွက် အလုပ်ကြိုးစားရတာပေါ့”လို့ လက်ခ်ပါက ပြောပါတယ်။ အခုချိန်မှာ အသက် ၄၃ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ လက်ခ်ပါဟာ အမေရိကန်နိုင်ငံ ကွန်နက်တီကပ် ပြည်နယ်မှာ နေထိုင်ပြီး ဧဝရတ်တောင်ကို (၁၀)ကြိမ်တိုင် တက်ရောက်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ လက်ခ်ပါရဲ့ ဇွဲသတ္တိက အမျိုးသမီးထုအတွက် ဂုဏ်ယူစရာဖြစ်ပြီး အမျိုးသားတွေပါ လေးစားစရာကောင်းလို့ BBC သတင်းဌာနရဲ့ ဖော်ပြချက်ကို ဘာသာပြန်ဆို ဖော်ပြပေးတာပါ။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top