ကွာရန်တင်းစည်းမျဉ်းကို ချိုးဖောက်လို့ သြစတြေးလျ အမျိုးသမီးကို ထောင်ဒဏ် ၆ လ ချမှတ်

26-8-2020-yyl-014.jpg

ကိုရိုနာဗိုင်းရပ်စ် အသွားအလာ ကန့်သတ်ရေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့လို့ သြစတြေးလျနိုင်ငံမှာ အမျိုးသမီးတစ်ယောက်ကို ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပါတယ်။ အသက် ၂၈ နှစ်ရှိတဲ့ အက်ရှာဟာ ကိုဗစ်-၁၉ ရောဂါဒဏ် ဆိုးဆိုးရွားရွား ခံစားခဲ့ရတဲ့ ဗစ်တိုးရီးယားပြည်နယ်မှာ တစ်လကြာ သွားရောက်နေထိုင်ခဲ့သူပါ။ အက်ရှာကို သူ့ရဲ့နေရပ်ဖြစ်တဲ့ အနောက်ပိုင်းသြစတြေးလျပြည်နယ်၊ ပါ့သ်မြို့သို့ လေယာဉ်နဲ့ ပြန်ခွင့်ပြုခဲ့ပေမဲ့ ဟိုတယ်မှာ ကိုယ့်စရိတ်နဲ့ကိုယ် ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်စောင့်ကြည့်မှု ခံယူခိုင်းခဲ့ပါတယ်။

ဒါပေမဲ့ အနောက်ပိုင်းသြစတြေးလျပြည်နယ်ကို ထရပ်ကားစီးပြီး ပုန်းလျှိုးကွယ်လျှိုး ရောက်ရှိလာခဲ့တဲ့ အက်ရှာက သူ့ချစ်သူရဲ့နေအိမ်မှာ နေထိုင်ခဲ့ပါတယ်။ အနောက်ပိုင်းသြစတြေးလျပြည်နယ်မှာ အသွားအလာကန့်သတ်စောင့်ကြည့်မှု စည်းမျဉ်းတွေကို ချိုးဖောက်ရင် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၂ လ ဒါမှမဟုတ် သြစတြေးလျဒေါ်လာ ၅၀,၀၀၀ အထိ ချမှတ်နိုင်ပါတယ်။ အက်ရှာဟာ သူ့ချစ်သူရဲ့ နေအိမ်မှာ အသွားအလာ ကန့်သတ်မှုခံယူခဲ့ပြီး တခြားဘယ်သူနဲ့မှ ထိတွေ့မှုမရှိခဲ့ဘူးလို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။ ဒါပေမဲ့ အက်ရှာက မရိုးမသား၊ လှည့်စားခဲ့လို့ ထောင်ဒဏ်ချမှတ်ပေးဖို့ ရဲအရာရှိက တိုက်တွန်းခဲ့ပါတယ်။

အက်ရှာဟာ ရောဂါကူးစက်ပြန့်ပွားမှု ဖြစ်စေနိုင်လောက်တဲ့ ဆိုးဆိုးရွားရွား ပြစ်မှုကျူးလွန်ခဲ့တယ်လို့ ရာဇဝတ်တရားရုံး တရားသူကြီး မက်သရူးက ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပါတယ်။ သြစတြေးလျနိုင်ငံမှာ အသွားအလာကန့်သတ်မှု စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့လို့ ထောင်ဒဏ်ချမှတ်ခံရသူ အနည်းဆုံး ၃ ယောက် ရှိခဲ့ပါတယ်။

Ref: BBC ” Covid: Woman in Australia jailed for six months over quarantine breach”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top