အက်ရှင်နဲ့ပတ်သက်ပြီး ဆက်ခံမယ့် အလားအလာရှိတဲ့သရုပ်ဆောင်တွေရှိလားဆိုတဲ့ မေးခွန်းကို မျက်ရည်ဝဲပြီး ဖြေကြားခဲ့တဲ့ ဂျက်ကီချမ်း

30.3.2023-yyl-iamge-15.jpg

ကိုယ်ခံပညာမင်းသားကြီး ဂျက်ကီချမ်းဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အက်ရှင်နဲ့ပတ်သက်ပြီး ဆက်ခံမယ့် အလားအလာရှိတဲ့ သရုပ်ဆောင်တွေရှိလားမေးတဲ့အချိန် မျက်ရည်ဝဲခဲ့ရပါတယ်။ မကြာသေးခင်နှစ်တွေအတွင်း အက်ရှင်သရုပ်ဆောင်အသစ်အရေအတွက်ကျဆင်းလာတာနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို အရင်ဆုံး မေးမြန်းခဲ့တာပါ။

အဲ့ဒါနဲ့ပတ်သက်ပြီး ဂျက်ကီချမ်းက အခုလို ထုတ်ပြောခဲ့ပါတယ်။ “ဒုတိယဂျက်ကီချမ်းကို တကယ်ရှာချင်ခဲ့ပေမဲ့ အရမ်းခက်ခဲတယ်”တဲ့။ အက်ရှင်သရုပ်ဆောင်တွေ ကိုယ်ခံပညာဘယ်လောက်ကောင်းကောင်း သူတို့ကို အားပေးကြတာ၊ တောင်းဆိုကြတာမရှိဘူးဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် အောင်မြင်မှာမဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

အနုပညာလောကမှာ ရုပ်ရည်ချောမောတဲ့ သရုပ်ဆောင်တွေကိုပဲလိုချင်ကြပြီး အဲ့ဒီသရုပ်ဆောင်တွေ အက်ရှင်ခန်းတွေ မလုပ်နိုင်ရင် ကိစ္စမရှိဘူး။ သူတို့တွေ ဆွဲဆောင်မှုရှိပြီး ကျော်ကြားနေသရွေ့ သူတို့ လုပ်ဆောင်ရမယ့်အရာအားလုံးက အက်ရှင်ခန်းတွေအတွက် သူတို့ကိုယ်စား အသက်အန္တရာယ်မမူဘဲ လုပ်ပေးနေတဲ့ စတန့်သမားတွေကို ထောင့်တစ်နေရာကနေရပ်ပြီး ကြည့်နေဖို့ပါပဲလို့လည်း ဂျက်ကီချမ်းက ပြောပါတယ်။

ဂျက်ကီချမ်းက ကိုယ်ခံပညာကောင်းတဲ့သူတွေကျတော့ ဒါရိုက်တာကောင်းရှာပေးလိုတဲ့၊ သူတို့အတွက် ဇာတ်ကားတစ်ကားထုတ်ပေးလိုတဲ့ ယွမ် သန်း ၅၀ ကနေ ယွမ် သန်း ၆၀ အထိ ထုတ်ပေးမယ့် သူဌေးရှိလား။ အဲဒါကျတော့လည်း မရှိပြန်ဘူးတဲ့။

ပြောနေရင်းနဲ့ သူ့မျက်လုံးမှာ မျက်ရည်တွေဝဲလာတဲ့အတွက် တစ်စက္ကန့်လောက် ငြိမ်သွားခဲ့ပါတယ်။ ခဏနေတော့ အက်ရှင်သရုပ်ဆောင်တွေရဲ့အခြေအနေအတွက် သူ စိတ်မကောင်းဖြစ်မိတဲ့အပြင် သူတို့ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုခံရဖို့လည်း မျှော်လင့်တယ်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။ အက်ရှင်ဇာတ်ကားတွေရဲ့ဒုတိယမြောက်ရွှေခေတ်ရောက်လာဖို့ သူ မျှော်လင့်နေပါတယ်တဲ့။

Ref: Jackie Chan Tears Up When Asked About Potential Successors; Says There’s None ‘Cos Only Good-Looking Actors Are In Demand

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top