ထိုင်းလွှတ်တော်က အခြေခံဥပဒေပြင်ဆင်ရေး အဆိုပြုချက် ၇ ချက်ထဲမှာ ၅ ချက်ကို မဲခွဲဆုံးဖြတ်ပြီး ပယ်ချ

19-11-2020-yyl-024.jpg

ထိုင်းလွှတ်တော်ဟာ အခြေခံဥပဒေပြင်ဆင်ရေး အဆိုပြုချက် ၇ ချက်အနက် ၅ ချက်ကို မဲခွဲဆုံးဖြတ်ပြီး ပယ်ချခဲ့ပါတယ်။ ပယ်ချခဲ့တဲ့ အဆိုပြုချက်တွေထဲမှာ ထိုင်းဘုရင်ရဲ့လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်ထိန်းချုပ်ပေးရေးဆိုတဲ့အချက်လည်း ပါဝင်နေပါတယ်။ ထိုင်းလွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှုလုပ်ခဲ့တဲ့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ညနေက ဘန်ကောက်မြို့ရဲ့ စီးပွားရေးအချက်အချာနေရာတစ်ခုဖြစ်တဲ့ ရက်ချာပရာဆောင်လမ်းဆုံမှာ လူငယ် ၁၀၀၀၀ ကျော် စုဝေးဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ ဝန်ကြီးချုပ် ပရာယွန်ချန်အိုချာနဲ့ အစိုးရအဖွဲ့ နုတ်ထွက်ပေးရေး၊ လွှတ်တော်ပြင်ပအဖွဲ့အစည်းတွေနဲ့တိုင်ပင်ပြီး အခြေခံဥပဒေပြင်ဆင်ရေး၊ ထိုင်းဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရေး စတဲ့အချက်တွေကတော့ အဓိကတောင်းဆိုချက်တွေ ဖြစ်ပါတယ်။

အခြေခံဥပဒေပြင်ဆင်နိုင်ရေးကို လေ့လာသုံးသပ်ဖို့ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် ၂ ရက်ကြာ ပူးတွဲအစည်းအဝေးလုပ်ခဲ့တာဖြစ်ပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေး အဆိုပြုချက် ၇ ချက်ကို အာဏာရညွန့်ပေါင်းအဖွဲ့၊ အတိုက်အခံပါတီတွေနဲ့ iLaw လို့ အမည်ရတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက တင်သွင်းခဲ့ကြတာပါ။ ထောက်ခံတဲ့လက်မှတ် ၇၀၀၀၀ ရယူပြီး တင်သွင်းခဲ့တဲ့ iLaw ရဲ့ အဆိုပြုချက်ကတော့ ထိုင်းဘုရင်ရဲ့လုပ်ပိုင်ခွင့်အာဏာကို တားဆီးကန့်သတ်ရေးဖြစ်ပါတယ်။

iLaw က တင်သွင်းခဲ့တဲ့ အဆိုပြုချက်ဟာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေ အလိုလားဆုံး တောင်းဆိုချက်တစ်ရပ်ဖြစ်ပြီး ပယ်ချခံရတဲ့ အဆိုပြုချက် ၅ ချက်ထဲမှာ ပါဝင်ခဲ့ပါတယ်။ ဒုတိယအကြိမ် ဖတ်ကြားမှုလုပ်ဖို့ အတည်ပြုခဲ့တဲ့ အဆိုပြုချက် ၂ ရပ်ထဲမှာ အာဏာရညွန့်ပေါင်းအဖွဲ့ရဲ့ အဆိုပြုချက် တစ်ရပ်၊ အတိုက်အခံပါတီတွေရဲ့ အဆိုပြုချက်တစ်ရပ် ပါပါတယ်။ အာဏာရညွန့်ပေါင်းအဖွဲ့ရဲ့ အဆိုပြုချက်ကတော့ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီကို လွှတ်တော်ရဲ့ ရွေးကောက်ခံကိုယ်စားလှယ် ၁၅၀ ၊ လွှတ်တော်ပြင်ပမှာရှိတဲ့ ကျွမ်းကျင်ပညာရှင် ၅၀ နဲ့ စုဖွဲ့ဖို့ အဆိုပြုထားတာပါ။

အတိုက်အခံပါတီတွေရဲ့ အဆိုပြုချက်ကတော့ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲမှု ပြန်လည်သုံးသပ်ရေးကော်မတီကို ရွေးကောက်ခံကိုယ်စားလှယ် ၂၀၀ ဦးနဲ့ ဖွဲ့စည်းဖို့ အဆိုပြုခဲ့တာပါ။ နိုဝင်ဘာလ ၂၄ ရက်ကျရင် အထက်လွှတ်တော်အမတ် ၁၅ ယောက်၊ အောက်လွှတ်တော်အမတ် ၃၀ ယောက် တွေ့ဆုံဆွေးနွေးမှုမှာ ဒုတိယအကြိမ် ဖတ်ကြားမှုလုပ်မှာပါ။ အရင်စစ်အစိုးရက ခန့်အပ်ထားတဲ့ အထက်လွှတ်တော်အမတ် တော်တော်များများကတော့ သူတို့ရဲ့လုပ်ပိုင်ခွင့်အာဏာကို တားဆီးကန့်သတ်ဖို့ ရည်ရွယ်တဲ့ အဆိုပြုချက်တွေကို ကြားနေမဲ ပေးခဲ့ပါတယ်။

အတိုက်အခံပါတီတွေက ဥပဒေပြောင်းလဲမှုတွေကို တစ်ချက်လွှတ်အမိန့်နဲ့ ပယ်ချနိုင်တဲ့ အထက်လွှတ်တော်ရဲ့ အာဏာနဲ့ ဝန်ကြီးချုပ်ရွေးချယ်မှုအပေါ် သိသိသာသာ လွှမ်းမိုးနေတာကို ဖယ်ရှားဖို့ အဆိုပြုခဲ့ကြတာပါ။ ထိုင်းနိုင်ငံရဲ့ လက်ရှိအခြေခံဥပဒေအရ အောက်လွှတ်တော်အမတ် ၅၀၀ နဲ့ အထက်လွှတ်တော်အမတ် ၂၅၀ က ပူးတွဲမဲခွဲပြီး ဝန်ကြီးချုပ်ကို ရွေးချယ်တာပါ။ အခြေခံဥပဒေပြင်ဆင်ဖို့အတွက် အနည်းဆုံး အထက်လွှတ်တော်အမတ် ၈၄ ယောက်က ထောက်ခံဖို့ လိုအပ်ပါတယ်။

လွှတ်တော်က ဒုတိယအကြိမ် ဖတ်ကြားဖို့ ထောက်ခံခဲ့တဲ့ အဆိုပြုချက် ၂ ရပ်ကို တတိယအကြိမ် ဖတ်ကြားပြီးမှပဲ လွှတ်တော်က အပြီးသတ်အတည်ပြုပေးဖို့ ရှိပါတယ်။ ထိုင်းနိုင်ငံမှာ ဆန္ဒပြပွဲတွေ ၅ လကြာ ဖြစ်ပွားခဲ့ရာမှာ ပြီးခဲ့တဲ့အင်္ဂါနေ့ညကတော့ ရုန်းရင်းဆန်ခတ်အဖြစ်ဆုံးပါပဲ။ ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ ဆန္ဒပြသူတွေ၊ တော်ဝင်မိသားစုကို ထောက်ခံတဲ့ တန်ပြန်ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ အဲဒီဖြစ်ရပ်မှာ အနည်းဆုံး လူ ၅၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။

Ref: AsiaNikkei & CNN

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top