ဂျပန်နိုင်ငံရဲ့မြို့တစ်မြို့က လမ်းလျှောက်ရင်း ဖုန်းသုံးတာကို တားမြစ်ဖို့ အဆိုတင်သွင်း

2-6-2020-yyl-014.jpg

ဂျပန်နိုင်ငံရဲ့မြို့တစ်မြို့က လမ်းလျှောက်ရင်း ဖုန်းသုံးတာကို တားမြစ်ဖို့အတွက် အဆိုတင်သွင်းခဲ့ပါတယ်။ ရာမတိုမြို့က ကောင်စီဝင်တွေက လမ်းလျှောက်ရင်း ဖုန်းကြည့်နေတာကို တားမြစ်မယ့် ဥပဒေအသစ်ကို ရေးဆွဲဖို့ရာ မဲပေးစနစ်နဲ့ လုပ်ဆောင်ဖို့ စီစဉ်နေကြပါတယ်။ ရထားဘူတာ (၂) ခုနားမှာပဲ လမ်းလျှောက်နေကြတဲ့ လူ (၆၀၀၀)ထဲမှာမှ (၁၂) ရာခိုင်နှုန်းက လမ်းလျှောက်ရင်း ဖုန်းသုံးနေတာကို တွေ့ရှိရကြောင်း သုတသီတွေက မှတ်တမ်းတင်ခဲ့ပါတယ်။ နိုင်ငံရေးသမားတွေက လမ်းလျှောက်ရင်း ဖုန်းသုံးခြင်းကြောင့် မတော်တဆမှုဖြစ်ပွားတဲ့အရေအတွက် များလာတယ်လို့ ဆိုပါတယ်။ မဲပေးတဲ့စနစ်ကို အခုလမှာ ဆောင်ရွက်မယ်ဆိုရင် ရာမတိုမြို့က လမ်းလျှောက်ရင်း ဖုန်းသုံးတဲ့အန္တရာယ်ကို အသိပညာပေးမယ့် ပိုစတာတွေနဲ့အတူ တားမြစ်မှုကို မိတ်ဆက်ပေးမယ့် ဂျပန်နိုင်ငံရဲ့ပထမဆုံးမြို့ဖြစ်လာမှာဖြစ်ပါတယ်။

ပြောင်းလဲမှုတွေကတော့ ဇူလိုင် (၁) ရက်မှာ ဖြစ်လာလိမ့်မယ်လို့ သတင်းမီဒီယာတွေအရသိရပါတယ်။ ဥပဒေတင်သွင်းတာနဲ့ပတ်သက်ပြီး မြို့အာဏာပိုင် မာဆာကီ ရာဆူမီက ဒါဟာ ထိခိုက်နာကျင်မှုတွေကို ကာကွယ်ဖို့အတွက်ပါလို့ ပြောပါတယ်။ “ဖုန်းသုံးတဲ့လူအရေအတွက်က တဖြည်းဖြည်းနဲ့များလာတဲ့အတွက် မတော်တဆမှုတွေလည်း များလာပါတယ်။ ကျွန်တော်တို့ ဒါကို ကာကွယ်ချင်ပါတယ်” လို့ဆိုပါတယ်။ ဒါပေမဲ့ ရာဆူမီက မြို့လမ်းမတွေပေါ်မှာ လမ်းလျှောက်ရင်း ဖုန်းသုံးနေတာတွေ့တဲ့သူတွေကို အပြစ်ပေးမှုတွေတော့ ရှိဦးမှာမဟုတ်ဘူးလို့ ထုတ်ပြောပါတယ်။ “တားမြစ်မှုက အန္တရာယ်နဲ့ပတ်သက်ပြီး သိမြင်မှုတွေပိုတိုးလာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့လည်း ပြောပါတယ်။ ကနေဒါနိုင်ငံရဲ့ University of Calgary သုတေသီတွေက ဖုန်းနဲ့ဆက်စပ်တဲ့မတော်တဆမှုတွေ မြင့်တက်လာတာကို တွေ့ရှိပြီးတဲ့နောက်မှာ ဒီတားမြစ်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကလည်း ဂျပန်နိုင်ငံက အပန်းဖြေပန်းခြံတွေမှာ ညွှန်ကြားချက်အသစ်ထုတ်ထားပါသေးတယ်။ အဲဒါကတော့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအတွင်း ကျန်းမာရေးညွှန်ကြားချက်အနေနဲ့ ရိုလာကိုစတာစီးရင် မအော်ဖို့ လာရောက်လည်ပတ်သူတွေကို တိုက်တွန်းထားတာဖြစ်ပါတယ်။ ရိုလာကိုစတာစီးရင် ဘယ်သူမဆို အော်မိကြမှာဖြစ်ပေမယ့် ဒီလမ်းညွှန်ချက်ကို ရှောင်လွှဲလို့ရမှာမဟုတ်ပါဘူး။ ဒီလမ်းညွှန်ချက်ကို Tokyo Disneyland နဲ့ Universal Studios Japan အပါအဝင် နိုင်ငံအတွင်းက အပန်းဖြေပန်းခြံတော်တော်များများမှာ တိုက်တွန်းထားတာဖြစ်ပါတယ်။

Ref: Japanese City Proposes Ban On Looking At Your Phone While Walking

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply