စင်္ကာပူစစ်တပ်မှ ဝန်ထမ်းတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးပေး

21-1-2021-yyl-47.jpg

စင်္ကာပူနိုင်ငံ က စစ်သည်ဝန်ထမ်းတွေကို ကိုဗစ်-၁၉ ရောဂါပိုး ကာကွယ်ဆေး စတင်ထိုးပေးနေပြီဖြစ်ကြောင်း စင်္ကာပူကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၁ ရက် ဒီနေ့မနက်ပိုင်းမှာ လူမှုကွန်ယက်ပေါ်ကနေ ပြောကြားလိုက်ပါတယ်။

စင်္ကာပူကာကွယ်ရေးဝန်ကြီး Ng Eng Hen နဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှ အကြီးအကဲတစ်ဦးဖြစ်တဲ့ Zaqy Mohamad တို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့က Pfizer-BioNTech ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်အဖြစ် ထိုးခဲ့ပါတယ်။ စင်္ကာပူစစ်တပ်မှ တခြား ဝန်ထမ်းအချို့လည်း အဲ့ဒီနေ့မှာ ကာကွယ်ဆေး ထိုးခဲ့ကြပါတယ်။ ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးနောက် ၂၁ ရက်အကြာမှာ ဒုတိယအကြိမ်ထပ်မံထိုးရမှာပါ။

စင်္ကာပူစစ်တပ်မှ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ ကိုဗစ်-၁၉ ရောဂါပိုးကို ရှေ့တန်းက ကာကွယ်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးအနေနဲ့ ကာကွယ်ဆေးထိုးပေးမယ့် ပထမအဆင့်ကို ၆ ပတ်အတွင်းအပြီးသတ်နိုင်ဖို့မျှော်မှန်းထားတယ်လို့ ပြောပါတယ်။
စင်္ကာပူကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ ရေကြောင်းလုံခြုံရေးဝန်ထမ်းတွေ ၊ လေကြောင်းကာကွယ်ရေးနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဝန်ထမ်းတွေကို နောက်ထပ် ဦးစားပေးအဖြစ် ကာကွယ်ဆေးထိုးပေးသွားမယ်လို့ သိရပါတယ်။

ကာကွယ်ဆေးထိုးခဲ့တဲ့ သူ့ရဲ့အတွေ့အကြုံနဲ့ပက်သက်ပြီး ဝန်ကြီး Ng Eng Hen က “ ကာကွယ်ဆေးအထိုးခံလိုက်ချိန်မှာ နာကျင်မှုမရှိပါဘူး။ ကျွန်တော်တို့က ကာကွယ်ဆေးထိုးခြင်း အစီအစဉ် အန္တရာယ်ကင်းတာဘဲ လိုချင်ပါတယ်။ ကျွန်တော့် အတွေ့အကြုံအရတော့ ဒီအစီအစဉ် ဟာ ကောင်းကောင်းလည်ပတ်နေပါတယ် “ လို့ ပြောပါတယ်။

ဝန်ထမ်းအားလုံးကို ကာကွယ်ဆေးထိုးပေးပြီးမှသာ စစ်ဘက်ဆိုင်ရာလေ့ကျင့်မှုတွေ နဲ့ လုပ်ငန်းစဉ်တွေကို အပြည့်အဝပြန်လည်လုပ်ဆောင်သွားနိုင်မှာပါ။ ဒါကြောင့်မို့ စင်္ကာပူ စစ်တပ်က ဝန်ထမ်းအားလုံးကို ဒီနှစ် အလယ်မကုန်ခင်မှာ ကာကွယ်ဆေးထိုးပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ငြိမ်းချမ်း ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top