တိုကျိုရထားလိုင်းမှာ ဂျိုကာဝတ်စုံဝတ်ထားသူက ဓားကိုင်တိုက်ခိုက်လို့ လူ ၁၇ ယောက် ဒဏ်ရာရ

11-1-2021yyl1.jpg

ဂျိုကာဝတ်စုံ ဝတ်ထားပြီး ဓားရှည်ကိုင်ထားတဲ့ ၂၄ နှစ်အရွယ် အမျိုးသားတစ်ယောက်က တိုကျိုရထားလိုင်းမှာ ခရီးသည်တွေကို တိုက်ခိုက်ခဲ့လို့ လူ ၁၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဘီဘီစီသတင်းဌာနက ဖော်ပြပါတယ်။ သံသယရှိသူဟာ ရထားတွဲကို အရည်ကြည်တစ်မျိုးနဲ့ ဖျန်းပြီး မီးရှို့ခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ရုပ်သံမှတ်တမ်းအရ ခရီးသည်တွေဟာ မီးတောက်တွေကြားကနေ ထွက်ပြေးပြီး ရထားပြတင်းပေါက်တွေကနေ ခုန်ဆင်းနေကြတာ တွေ့ရပါတယ်။ ခရီးသည်တွေဟာ Halloween ပါတီပွဲသွားဖို့ ထွက်လာချိန်မှာ အခုလို တိုက်ခိုက်ခံခဲ့ရတာပါ။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ည ၈ နာရီဝန်းကျင်မှာ တိုကျိုမြို့ရဲ့ အနောက်ဘက်ဆင်ခြေဖုံးဒေသမှာရှိတဲ့ ကိုကာယိုဘူတာရုံအနီးမှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့တာပါ။ အခင်းဖြစ်ပွားရာနေရာမှာပဲ သံသယရှိသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ ကျိုဒိုသတင်းဌာနက ဖော်ပြပါတယ်။

ဘတ်မန်းကာတွန်းထဲက ဂျိုကာဇာတ်ရုပ်ကို သဘောကျတယ်လို့ သံသယရှိသူက ရဲတွေကို ပြောခဲ့ပါတယ်။ သေဒဏ် ချမှတ်ခံရအောင် လူသတ်ချင်တယ်လို့ သံသယရှိသူက အာဏာပိုင်တွေကို ပြောခဲ့ကြောင်း ဒေသခံမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ၃ ယောက်က ဒဏ်ရာပြင်းထန်ပြီး ရင်ဘတ်ကို ဓားထိုးခံရတဲ့ သက်ကြီးရွယ်အို အမျိုးသားတစ်ဦးကတော့ သတိလစ် မေ့မျောသွားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဂျပန်နိုင်ငံမှာ အကြမ်းဖက်ရာဇဝတ်မှုတွေ ကြုံရခဲပေမဲ့ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ဓားကိုင်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လကတည်း တိုကျိုမြို့ ခရီးသည်တင်ရထားပေါ်မှာ အမျိုးသားတစ်ယောက် ဓားကိုင်တိုက်ခိုက်ခဲ့လို့ လူ ၁၀ ယောက် ဒဏ်ရာရခဲ့ဖူးပါတယ်။ ၂၀၁၉ ခုနှစ်တုန်းကလည်း ကာဝါဆာကီမြို့မှာ ဘတ်စ်ကားစောင့်နေတဲ့ ကျောင်းသား/သူတစ်စုကို အမျိုးသားတစ်ယောက်က တိုက်ခိုက်ခဲ့လို့ ၂ ယောက်သေဆုံးပြီး အနည်းဆုံး လူ ၁၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။

Ref: BBC ” Japanese man dressed as Joker injures 17 on Tokyo train ”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top