ခွင့်ပြုချက်မရှိဘဲ သူ့ဓာတ်ပုံတွေရောင်းချ‌နေတဲ့ ဓာတ်ပုံဆရာကို တရားစွဲဆိုခဲ့တဲ့ ဂျေဇီး

17-6-2021-yyl-04.jpg

စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်တဲ့ ရက်ပ်အဆိုတော်လည်းဖြစ်တဲ့‌ ဂျေဇီးဟာ ဓာတ်ပုံဆရာတစ်ဉီးကို ခွင့်ပြုချက်မရဘဲ သူ့ရဲ့ဓာတ်ပုံတွေကို ရောင်းချခဲ့တဲ့အတွက် တရားစွဲဆိုခဲ့ပါတယ်။ နာမည်ကြီး 99 Problems သီချင်းကို သီဆိုခဲ့တဲ့ ဂျေဇီးက ဂျိုနသန် မန်နီယမ် (Jonathan Mannion) လို့ခေါ်တဲ့ အဲဒီဓာတ်ပုံဆရာကို ၁၉၉၀ပြည့်နှစ်အလယ်လောက်ကတည်းက ငှားရမ်းခဲ့တာပါ။ ဂျေဇီးအတွက် ဂျိုနသန်က ၁၉၉၆ခုနှစ် ပွဲဉီးထွက်သီချင်းခွေရဲ့ကာဗာမှာ ပါဝင်တဲ့ ဓာတ်ပုံအပါအဝင် ဓာတ်ပုံရာချီကို ရိုက်ပေးခဲ့ရတာပါ။

ဂျိုနသန်က နှစ်အကြာကြီး ဂျေဇီးရဲ့ပုံတွေကို ရိုက်ကူးပေးခဲ့တဲ့ ဓာတ်ပုံဆရာဖြစ်ပေမဲ့လည်း ဂျေဇီးက သူ့ကို တရားဉပဒေနဲ့အညီ တရားဆွဲဆိုထားပါတယ်။ ဂျိုနသန်ကို သူ့အလုပ်အတွက် ငှားရမ်းခပေးထားပေမဲ့ ဂျေဇီးက သူ့ရဲ့ဓာတ်ပုံတွေကို ပြန်ရောင်းဖို့ ဘယ်တုန်းကမှ ခွင့်ပြုချက်မပေးခဲ့ပါဘူး။ ဂျေဇီး ခွင့်ပြုမထားဘဲနဲ့ ဂျိုနသန်က ဓာတ်ပုံတွေ ရောင်းခဲ့လို့ အခုလို တရားစွဲဆိုခံရတာဖြစ်ပါတယ်။

ဂျေဇီးဟာ ဂျိုနသန်ကို ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့မှ သူ့ရဲ့နာမည်ယူသုံးခွင့်ပြုမထားသလို ဓာတ်ပုံတွေကိုလည်း တရားဝင်ရောင်းချခွင့်ပြုမထားခဲ့ပါဘူး။ ဂျေဇီးက ဂျိုနသန်ကို သူ့ရဲ့ဓာတ်ပုံတွေရောင်းချနေတာကို ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ ဂျိုနသန်က လက်မခံဘဲ ဓာတ်ပုံရောင်းချတာ ရပ်တန့်စေချင်ရင် ငွေပေးရမယ်လို့ ဆိုခဲ့ပါတယ်။ အခုဆိုရင် ဂျိုနသန်က သူ့လုပ်ရပ်တွေ ရပ်စေဖို့အတွက် ဂျေဇီးဆီကနေ ဒေါ်လာ ၁၀ သန်းတောင်းဆိုထားပါတယ်။ ဓာတ်ပုံဆရာက သူ့ရဲ့ဝက်ဆိုက်မှာ ဂျေဇီးရဲ့ဓာတ်ပုံတစ်ပုံကို ပြသထားပြီး ဂျေဇီးနာမည်ပါတဲ့ Fame Wall တီရှပ်တွေကိုလည်း ရောင်းချထားတယ်လို့ တရားစွဲဆိုမှုအရသိရပါတယ်။

ဂျိုနသန်က ဂျေဇီးရဲ့ဓာတ်ပုံတွေကို ဒေါ်လာထောင်ချီနဲ့ ရောင်းချထားတယ်လို့ သိရပါတယ်။ ဓာတ်ပုံဆရာက ဂျေဇီးရဲ့ဓာတ်ပုံ၊ ပုံတူနဲ့ နာမည်တွေကို ကာယံကံရှင်ရဲ့ခွင့်ပြုချက်မပါဘဲ စီးပွားဖြစ်အနေနဲ့ အသုံးပြုခဲ့တဲ့အတွက် California Civil Code ချိုးဖောက်မှုနဲ့ တရားစွဲဆိုထားပါတယ်။

Ref: AsiaOne “Jay-Z sues photographer for selling pictures of him without permission”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top