နွေဦးတော်လှန်ရေးအကျဉ်းသားတွေကို ထောင်ဝင်စာပို့ကြမယ်

17-6-2021-yyl-10.jpg

လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် နွေဦးတော်လှန်ရေးအမည်နဲ့ ဆန္ဒပြမှုတွေ နိုင်ငံအနှံ့အပြားမှာ ဖြစ်ပေါ်လာခဲ့ပါတယ်။ နွေဦးတော်လှန်ရေးအရေးတော်ပုံမှာပါဝင်ခဲ့လို့ ဖမ်းဆီးခံရပြီး အကျဉ်းကျခံနေရတဲ့ အကျဉ်းသားအများစုက အင်းစိန်(ရန်ကုန်မြို့) အကျဉ်းထောင်မှာပဲဖြစ်ပါတယ်။ အကျဉ်းသားတွေရဲ့ မိသားစုဝင်တချို့ကထောင်ဝင်စာပို့ဖို့အဆင်ပြေကြပေမယ့် တချို့မိသားစုတွေက အကြောင်းအမျိုးမျိုးကြောင့် ထောင်ဝင်စာမပို့နိုင်တဲ့ သူမျိုးတွေလည်း ရှိနေပါတယ်။

ဘယ်လိုဆက်သွယ်အကူအညီတောင်းရမလဲ

ထောင်ဝင်စာပို့ဖို့အဆင်မပြေတဲ့ မိသားစုဝင်တွေကို ကူညီဖို့အတွက် လက်ရှိမှာ ထောင်ဝင်စာပို့ကြမယ်ဆိုတဲ့အဖွဲ့က နွေဦးတော်လှန်ရေးအရေးတော်ပုံမှာပါဝင်ခဲ့တဲ့အတွက် အကျဉ်းကျခံနေရသူတွေကို အခမဲ့လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကတဆင့် စုံစမ်းတာမျိုးတွေလုပ်နေပါတယ်။

အင်းစိန်ထောင်ထဲရောက်နေပြီး ထောင်ဝင်စာမပို့နိုင်တဲ့ မိသားစု၊ သူငယ်ချင်းတွေရှိနေရင် ထောင်ဝင်စာပို့ကြမယ်ကို ဆက်သွယ်အကူအညီတောင်းခံနိုင်ပါတယ်။ အကူအညီတောင်းခံလာတဲ့ စာရင်းတွေကိုစီစစ်ဖြစ်ပြီး အကျဉ်းသားတွေရဲ့မိသားစုဝင်တွေလက်ထဲ လိုအပ်တဲ့ပစ္စည်းတွေကို တိုက်ရိုက်ပေးပို့ ကူညီပေးသွားမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထောင်ဝင်စာကို မိသားစုဝင်ကသာ ပေးပို့လို့ရတာဖြစ်လို့ပါ။

ဘယ်လိုပစ္စည်းမျိုးတွေကူညီပေးမှာလဲ

ထောင်ဝင်စာပို့ကြမယ် အဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေးအကျဉ်းသားတွေအတွက် အစားသောက်၊ အခြောက်အခြမ်းတွေ၊ တကိုယ်ရည်အသုံးဆောင်ပစ္စည်းတွေနဲ့ စာအုပ်တွေကို လစဉ် ထောင်ဝင်စာပို့နိုင်အောင် ကူညီသွားဖြစ်ပါတယ်။ အကျဉ်သားတစ်ဦးခြင်းဆီကိုပို့ပေးမယ့်အသုံးအဆောင်ပစ္စည်းတွေက ပုဇွန်ခြောက်ထောင်းကြော် ၃ ထုပ်၊ ကြက်မွကြော် ၁ ထုပ်၊ အာဗြဲခြောက် ၁ ထုပ်၊ ဆိတ်မွကြော် ၁ ထုပ်၊ ငါးပိကြော် ၁ ထုပ်၊ မြေပဲကြော် ၁ ထုပ်၊ ငါးနီတူခြောက်ကြော် ၁ ထုပ်၊ အာလူးကြော် ၁ ထုပ်၊ ကိတ်မုန့်ခြောက် ၁ ထုပ်၊ လက်ဖတ် အကြော်စုံ ၃ ထုပ်စီ၊ ခေါက်ဆွဲခြောက် ၅ ထုပ်၊ အဆာပြေမုန့် (ရောရာ) ၁ ထုပ်၊ သစ်သီး ၄ လုံး၊ စာအုပ် ၃ အုပ်၊ ခေါင်းလျှော်ရည် ၁ ဘူး၊ ခေါင်းလျှော်ရည်ထုပ် ၁၂ ထုပ်၊ ရေချိုးဆပ်ပြာ ၂ ဘူး၊ ရေချိုးဆပ်ပြာ ၁ ခဲ၊ သွားတိုက်ဆေး ၁ ဘူး၊ သွားတိုက်တံ ၁ ချောင်း၊ အဝတ်လျှော် brush ၁ ခု၊ Wet tissue ၂/၃ ထုပ်၊ ခြင်မကိုက်ဆေး(ခရင်) ၁ ဘူး၊ ရွှေပြည်နန်း ၁ ဘူး၊ ဖိနပ် ၁ ရံ၊ ပုဆိုး ၁ ထည်၊ ကော်ဇွန်း ၁ ချောင်းနဲ့ ဆေးအစုံ ၁ ထုပ် တို့ကို ကူညီပေးသွားမှာဖြစ်ပါတယ်။ ဒ့ါပြင်အမျိုသမီးအကျဉ်းသားတွေအတွက် Pad ၂ ထုပ်၊ ဘော်လီ ၂ ထည်၊ ထဘီ ၂ ထည်၊ အောက်ခံဘောင်းဘီ ၁ ထည် တို့ကို ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။

ဘယ်လိုဆက်သွယ်လှူဒါန်းမလဲ

ထောင်ဝင်စာပို့ကြမယ်အဖွဲ့ကို ဆက်သွယ်လှူဒါန်းလိုသူတွေအနေနဲ့ ထောင်ဝင်စာပို့ကြမယ် လူမှုကွန်ယက်တစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်တဲ့အပြင် မုန့်၊ အစားအသောက်ပစ္စည်းများနဲ့ စာအုပ်တွေကိုလည်း လှူဒါန်းနိုင်ပါတယ်။ ထောင်ဝင်စာပို့ကြမယ် အဖွဲ့အနေနဲ့လက်ရှိမှာ နွေဦးတော်လှန်ရေးအကျဉ်းသား အယောက် (၁၀၀) ဝန်းကျင်ကို လစဉ်လတိုင်း နှစ်သုတ်ခွဲပြီး ပေးပို့လှူဒါန်းနေပါတယ်။ ဒ့ါပြင် လစဉ် အယောက် (၁၀၀) အထက်လည်း ပိုပြီးလှူဒါန်းနိုင်အောင်လည်း ကြိုးစားနေပါသေးတယ်။

စစ်အာဏာသိမ်းယူပြီးနောနက် ဇွန်လ (၁၅) ရက်နေ့ အထိ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သူ စုစုပေါင်း (၈၆၄) ဦး ရှိနေပြီး ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း (၄၈၉၃) ဦးအနက် (၁၈၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထုတ်ပြန်ထားပါတယ်။

နွေဦးတော်လှန်ရေးအကျဉ်းသားမိသားစုတွေ ဆက်သွယ်အကူအညီတောင်းခံနိုင်သလို အလှူရှင်တွေဆက်သွယ်လှူဒါန်းလို့ရတဲ့ ထောင်ဝင်စာပို့ကြမယ်အဖွဲ့ရဲ့ လူမှုကွန်ယက်-

https://www.facebook.com/handinjailmyanmarspringrevolution

Photo- Internet
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top