မျက်တောင်တစ်ဖက်ပဲ လှုပ်ရှားနိုင်ခဲ့ပေမဲ့ ကမ္ဘာကျော်စာအုပ်ကို ရေးသားနိုင်ခဲ့သူ

write.jpg

ယန်းဒေါမနစ်ဘော်ဘီ (Jean-Dominique Bauby) ရဲ့ ဘဝအလှည့်အပြောင်းက ကြမ်းတမ်းလွန်းခဲ့ပါတယ်။ သူဟာ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်းက ပြင်သစ်နိုင်ငံရဲ့ အောင်မြင်ကျော်ကြားတဲ့ အမျိုးသမီးဖက်ရှင်မဂ္ဂဇင်း Elle ရဲ့ အယ်ဒီတာချုပ်ပါ။

ရုပ်ရည်ချောမောပြီး၊ စကားပြောကောင်းတာကြောင့် ပါရီမြို့ရဲ့ အထက်တန်းလွှာလူ့အဖွဲ့အစည်းမှာ ဩဇာညောင်းသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့ (အသက် ၄၃ နှစ်အရွယ်) မှာတော့ သူ့ဘဝတစ်ခုလုံး ရုတ်တရက် ပြောင်းလဲသွားခဲ့ပါတယ်။ အသစ်ဝယ်ထားတဲ့ ကားကိုမောင်းပြီး သူ့သားနဲ့အတူ ညဘက်အပြင်ထွက်ရင်း ရုတ်တရက်လေဖြတ်သွားခဲ့တာပါ။

ရက်(၂၀) ကြာအောင် သတိမေ့မြောခဲ့ပြီးနောက် ပြန်နိုးလာချိန်မှာတော့ ကမ္ဘာ့အရှားပါးဆုံး ရောဂါတစ်မျိုးဖြစ်တဲ့ “Locked-in Syndrome” ခံစားနေရပါပြီ။ ဦးနှောက်က ပုံမှန်အလုပ်လုပ်ပြီး အသိစိတ်အပြည့် ရှိပေမယ့် မျက်တောင်ကလွဲလို့ တကိုယ်လုံး လှုပ်ရှားမရနိုင်တော့တဲ့ အခြေအနေပါ။

သူဟာ ဒီအခြေအနေ ကြုံခဲ့ပေမဲ့ ဘဝကို အရှုံးမပေးခဲ့ပါဘူး။ လေမဖြတ်ခင်ကတည်းက စာချုပ်ချုပ်ဆိုထားတဲ့ စာအုပ်ကို ရေးပေးဖို့ ကြိုးစားခဲ့ပါတယ်။ ခန္ဓာကိုယ်မှာ တစ်ခုတည်းသော လှုပ်ရှားနိုင်တဲ့ ဘယ်ဘက်မျက်တောင်ကိုသုံးပြီး စာအုပ် ရေးခဲ့တာပါ။ သူ့ကို ပြုစုတဲ့ စကားပြောကုထုံးပညာရှင်က အက္ခရာတွေကို ရွတ်ပြပေးပြီး ဘော်ဘီက သူ သုံးချင်တဲ့ စာလုံး ဟုတ်မှန်ရင် မျက်တောင်ခတ်ပြတဲ့နည်းနဲ့ စကားလုံးအဖြစ် ပုံဖော်ခဲ့တာပါ။ တခါတလေ စကားလုံးတစ်လုံးရဖို့ မိနစ်ပေါင်းများစွာ အချိန်ယူ ကြိုးစားခဲ့ရပါတယ်။

သူဟာ စုစုပေါင်း မျက်တောင်အကြိမ်ရေ (၂၀၀,၀၀၀) ကျော် ခတ်ပြီး (၁၀) လကျော်ကြာအောင် နေ့တိုင်း မနားတမ်း ကြိုးစားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ “The Diving Bell and the Butterfly” ဆိုတဲ့ ကမ္ဘာကျော် အတ္ထုပ္ပတ္တိစာအုပ်ကို အောင်မြင်စွာ ရေးသားနိုင်ခဲ့ပါတယ်။ “ရေငုပ်ခေါင်းလောင်း (Diving Bell)” ဆိုတာ လေးလံထိုင်းမှိုင်းပြီး လှုပ်ရှားမရတဲ့ သူ့ခန္ဓာကိုယ်ကြီးကို တင်စားတာဖြစ်ပြီး “လိပ်ပြာ (Butterfly)” ဆိုတာကတော့ လွတ်လပ်စွာ ပျံသန်းတွေးတောနိုင်တဲ့ သူ့ရဲ့ စိတ်ကူးစိတ်သန်းနဲ့ စိတ်ဓာတ်ခွန်အားကို ရည်ရွယ်တာပါ။

သူ့ရဲ့စာအုပ်ကို ပြင်သစ်နိုင်ငံမှာ ပုံနှိပ်ထုတ်ဝေပြီး (၂) ရက်အကြာ ၁၉၉၇ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှာတော့ ဘော်ဘီဟာ အဆုတ်အအေးမိရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ သူ့ရဲ့ စာအုပ်ဟာ ကမ္ဘာတစ်ဝန်းမှာ စောင်ရေသန်းပေါင်းများစွာ ရောင်းချခဲ့ရပြီး နောက်ပိုင်းမှာ နာမည်ကျော် ရုပ်ရှင်အဖြစ်ပါ ပြန်လည်ရိုက်ကူးခဲ့ပါတယ်။

Ref: Jean-Dominique Bauby

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top