ရာသီဥတုပြောင်းလဲမှုကိုတွန်းလှန်ဖို့ ဒေါ်လာ ၁၀ ဘီလျံလှူဒါန်းမှုကြီးရရှိမယ့်သူတွေကို ကြေညာလိုက်တဲ့ ဂျက်ဖ် ဘေးဇို့စ်

image.jpg

အခုနှစ်အစောပိုင်းမှာ ရာသီဥတုပြောင်းလဲမှုကို တွန်းလှန်ဖို့အတွက် သူ့ကိုယ်ပိုင်ငွေ ဒေါ်လာ ၁၀ ဘီလျံကို လှူဒါန်းမယ်လို့ ကတိပေးခဲ့တဲ့ အမေဇုံတည်ထောင်သူဂျက်ဖ် ဘေးဇို့စ်ဟာ မတူညီတဲ့ပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့တွေအတွက် စုစုပေါင်း ဒေါ်လာ ၇၉၁ သန်း ကနဦးလှူဒါန်းမှုကို မနေ့က ကြေညာခဲ့ပါတယ်။ ဂျက်ဖ် ဘေးဇို့စ် လှူဒါန်းမယ့် အဖွဲ့အစည်းတွေထဲမှာ ClimateWorksFoundation, Environmental Defense Fund, Natural Resources Defense Council, Union of Concerned Scientists, World Resources Institute နဲ့ World Wildlife Fund အပါအဝင် ကမ္ဘာကြီးပူနွေးလာမှုနဲ့ဆက်စပ်တဲ့ အဖွဲ့တွေပါဝင်ပါတယ်။

“ကမ္ဘာတစ်ဝှမ်းက လူအသိုင်းအဝိုင်းပေါ် သက်ရောက်မှုရှိနေတဲ့ ရာသီဥတုပြောင်းလဲမှုကို တွန်းလှန်ဖို့အတွက် လုပ်ပေးနေကြတဲ့ တော်ပြီးထက်မြက်တဲ့လူတွေဆီကနေ သင်ယူလေ့လာရင်းနဲ့ ပြီးခဲ့တဲ့လပေါင်းများစွာကို ကျွန်တော်ကုန်ဆုံးခဲ့တယ်။ သူတို့လုပ်နေတဲ့အရာတွေက ကျွန်တော့်ကို Inspire ဖြစ်စေပြီး သူတို့ကို ကူညီပေးဖို့အတွက် ကျွန်တော်စိတ်လှုပ်ရှားမိပါတယ်” လို့ ဂျက်ဖ် ဘေးဇို့စ်က အင်စတာဂရမ်မှာ ပြောကြားခဲ့ပါတယ်။ ရန်ပုံငွေတချို့ကို တိကျသေချာတဲ့ပရောဂျက်တွေအတွက် အသုံးပြုသွားမှာဖြစ်ပါတယ်။

ဒေါ်လာ သန်း၁၀၀ ကို လက်ခံရရှိခဲ့တဲ့ The Environmental Defense Fund က ကာဗွန်ဒိုင်အောက်ဆိုဒ် အကြိမ် ၃၀ ပူနွေးလာမှုနဲ့ မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှုကို တိုင်းတာပေးမယ့် ဂြိုလ်တုကို လွှတ်တင်ဖို့အတွက် ရရှိထားတဲ့ငွေတွေကို အသုံးပြုသွားမှာဖြစ်တယ်လို့ ပြောပါတယ်။ The Union of Concerned Scientists ကလည်း အမေရိကန်လျှပ်စစ်ဆိုင်ရာကွန်ယက်ကို ခေတ်နဲ့အညီလုပ်နိုင်ဖို့ ထောက်ခံအားပေးဖို့အတွက် ဒေါ်လာ ၁၅ သန်းကို အသုံးပြုသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ဂျက်ဖ် ဘေးဇို့စ်ဟာ ရာသီဥတုပြောင်းလဲမှုကို တွန်းလှန်တိုက်ဖျက်ဖို့အတွက် ရန်ပုံငွေ ဒေါ်လာ ၁၀ ဘီလျံ လှူဒါန်းပေးမယ်လို့ အခုနှစ်အစောပိုင်းမှာ ကတိပေးခဲ့တာပါ။ ဒီလှူဒါန်းငွေက သူ့ရဲ့အသားတင်ဝင်ငွေရဲ့ ၅ ရာခိုင်နှုန်းဖြစ်ပါတယ်။ အမေဇုံကုမ္ပဏီကလည်း ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့အတွက် ဒေါ်လာ ၂ ဘီလျံကို လှူဒါန်းဖို့အတွက် သီးသန့်ကတိပေးထားပြီဖြစ်ပါတယ်။ ပထမတစ်သုတ်အတွက်ကတော့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကို ဖြစ်စေတဲ့ ကာဗွန်ဒိုက်အောက်ဆိုဒ်ကို လျော့ချပေးမယ့် နည်းပညာအသစ်ကို လုပ်ဆောင်နေတဲ့ တည်ထောင်ခါစလုပ်ငန်းတွေကို ရန်ပုံငွေလှူဒါန်းခဲ့ပါတယ်။

ကုမ္ပဏီနဲ့ တည်ထောင်သူတို့က အမေဇုံရဲ့ကိုယ်ပိုင်ကာဗွန်ထုတ်လွှတ်မှုက တိုးမြှင့်နေပြီး ကုမ္ပဏီက ဒီကိစ္စနဲ့ပတ်သက်ပြီး နှုတ်ပိတ်နေဖို့ကြိုးစားခဲ့ကာ ထုတ်ပြောလာခဲ့တဲ့ ဝန်ထမ်းတွေကိုလည်း အလုပ်ထုတ်ပစ်ခဲ့တယ်လို့ ထောက်ပြနေတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာတတ်ကြွလှုပ်ရှားသူဆီကနေ ဝေဖန်မှုတွေရရှိခဲ့ဖူးပါတယ်။

Ref: CBSNews “Jeff Bezos announces first winners of $10 billion climate-change pledge”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top