Little Mix အဖွဲ့ကနေ ထွက်တော့မယ်လို့ ကြေညာခဲ့တဲ့ အဆိုတော် ဂျက်ဆီ နယ်လ်ဆန်

15-12-2020-yyl01.jpg

နာမည်ကြီးအဆိုအဖွဲ့ Little Mix ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျက်ဆီ နယ်လ်ဆန် (Jesy Nelson) က အဖွဲ့ကနေ ထွက်တော့မယ်လို့ သူ့ရဲ့အင်စတာဂရမ်အကောင့်ကနေတဆင့် တနင်္လာနေ့က ကြေညာခဲ့ပါတယ်။ သူဟာ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အာရုံစိုက်ချင်တာကြောင့် အဖွဲ့ကနေ နှုတ်ထွက်တာဖြစ်တယ်လို့ သိရပါတယ်။

အင်စတာဂရမ်မှာ ဂျက်ဆီက အဖွဲ့ဝင်တွေနဲ့အတူ ကုန်ဆုံးခဲ့ရတဲ့ (၉) နှစ်တာအချိန်က သူ့ဘဝရဲ့အကောင်းဆုံးအချိန်တွေဖြစ်ခဲ့ပြီး သူတို့အဖွဲ့ရဲ့ပထမဆုံးဆုရရှိတဲ့အချိန်မှာ ကမ္ဘာပေါ်မှာ ကံကောင်းဆုံးမိန်းကလေးဖြစ်ခဲ့တယ်လို့ အစချီပြောထားပါတယ်။ အဖွဲ့ကနေ နှုတ်ထွက်ရတဲ့အမှန်တရားကတော့ အဖွဲ့ဝင်ဖြစ်ရတာက သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးထိခိုက်တာတွေဖြစ်ပေါ်လာခဲ့ပြီး မိန်းကလေးအဆိုအဖွဲ့မှာအဖွဲ့ဝင်ဖြစ်ရတာ ဖိအားတွေနဲ့ မျှော်လင့်ချက်တွေနဲ့နေထိုင်ရတာ အရမ်းခက်ခဲတယ်ဆိုတာ တွေ့လာရတယ်လို့ ဆိုပါတယ်။

သူက အခြားသူတွေကို ပျော်ရွှင်အောင်လုပ်တာထက် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေးဖို့လိုအပ်တဲ့အချိန်ရောက်လာပြီဖြစ်ကြောင်း၊ အခုအချိန်က ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေးဖို့အချိန်တန်ပြီဖြစ်တာကြောင့် သူ လေးလေးနက်နက်၊ သေသေချာချာစဉ်းစားပြီးမှ Little Mix အဖွဲ့ကနေ နှုတ်ထွက်ကြောင်း ကြေညာရတာဖြစ်တယ်လို့ ဂျက်ဆီက ဆိုပါတယ်။ ဂျက်ဆီက သူ့ဘဝမှာ အပြောင်းအလဲအသစ်လုပ်ဖို့ အဆင်သင့်ဖြစ်နေကြောင်းနဲ့ အားပေးပံ့ပိုးပေးခဲ့ကြတဲ့ သူ့ရဲ့ပရိသတ်တွေကိုလည်း ကျေးဇူးတင်စကားဆိုထားပါတယ်။ သူ့ရဲ့အဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီးတော့ ဂျက်ဆီက “ဂျိတ်၊ ပယ်ရီ၊ လေ့ အန်းတို့ကို ကျွန်မ ဘယ်တော့မှ မေ့နိုင်မှာမဟုတ်တဲ့အကောင်းဆုံးအမှတ်တရတချို့ကို ဖန်တီးပေးတဲ့အတွက် ကျေးဇူးတင်စကားပြောချင်ပါတယ်” လို့ ဆိုပါတယ်။

Little Mix အဖွဲ့မှာ ကျန်ရှိနေတဲ့ အဖွဲ့ဝင် (၃) ဦးကလည်း သူတို့အဖွဲ့ရဲ့လူမှုကွန်ယက်ပေ့ချ်မှာ (၉) နှစ်တာအတူတူဖြတ်သန်းပြီးတဲ့နောက် ဂျက်ဆီက Little Mix အဖွဲ့ကနေ ထွက်ဖို့ ဆုံးဖြတ်လိုက်ကြောင်း၊ ဒါက သူတို့အားလုံးအတွက် ဝမ်းနည်းစရာအချိန်ဖြစ်ပေမဲ့ ဂျက်ဆီကို အပြည့်အဝအားပေးပံ့ပိုးပေးကြောင်း၊ သူတို့ ဂျက်ဆီကို အရမ်းချစ်ကြောင်း၊ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် မှန်ကန်တဲ့အရာကို လုပ်ဖို့ အရေးကြီးတဲ့အတွက် သူတို့သဘောတူကြောင်း၊ သူတို့ Little Mix အဖွဲ့အနေနဲ့ ဖျော်ဖြေမှုတွေလုပ်ရတာ ပျော်ရွှင်နေတုန်းဖြစ်တဲ့အတွက် သူတို့ (၃) ဦးတော့ ဒါကို အဆုံးသတ်ဖို့ အဆင့်သင့်မဖြစ်သေးကြောင်းရေးသားထားတဲ့အပြင် ဂျက်ဆီ အဖွဲ့ကနေ ထွက်သွားတာက ပရိသတ်တွေအတွက် စိတ်မကောင်းစရာသတင်းဖြစ်မယ်ဆိုတာ သိကြောင်းနဲ့ သူတို့ကို သစ္စာရှိရှိနဲ့ အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ချစ်ပြီး ဖျော်ဖြေပွဲတွေမှာ ပရိသတ်တွေအားလုံးကို မြင်တွေ့ရဖို့ မျှော်လင့်နေကြောင်း ရေးသားခဲ့ပါတယ်။

Little Mix အဖွဲ့က “The X Factor” Season 8 ပြိုင်ပွဲကနေတဆင့် ၂၀၁၁ခုနှစ်မှာ အဖွဲ့ဝင် (၄) ဦးနဲ့ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာ ၆ ရက်နေ့က ထွက်ရှိခဲ့တဲ့ Confetti အယ်ဘမ်အပါအဝင် အယ်ဘမ် (၆) ခုရှိထွက်ရှိပြီးသားဖြစ်ပြီး Black Magic, Shout Out to My Ex, Power သီချင်းတွေနဲ့ လူသိများခဲ့တာဖြစ်ပါတယ်။

Ref: ABCNews “Jesy Nelson announces she’s leaving Little Mix to focus on her mental health”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top