ကမ္ဘာ့အသက်ငယ်ဆုံးဘီလျံနာဖြစ်အောင် ကိုယ်ထူးကိုယ်ချွန်ကြိုးစားခဲ့တဲ့ ကိုင်လီ ဂျန်နာ (Kylie Jenner)

ky1.jpg

မော်ဒယ် ကိုင်လီ ဂျန်နာ ( Kylie Jenner) ဟာ နာမည်ကြီး Kardashian-Jenner မိသားစု ရဲ့အငယ်ဆုံးသမီးပါ။ သူဟာ တီဗီအစီအစဉ် “Keeping Up with the Kardashians” ကို ရိုက်ကူးရင်းနဲ့ ကြီးပြင်းလာခဲ့ပြီး အခုဆိုရင် ကမ္ဘာ့အသက်အငယ်ဆုံးဘီလျံနာတစ်ယောက်ဖြစ်နေပါပြီ။ ဒါတင်မကသေးပါဘူး။ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်တစ်ယောက်လည်းဖြစ်ပါတယ်။ အသက် (၂၃) နှစ်အရွယ်မှာ ဖေ့စ်ဘွတ်ခ်ကိုတည်ထောင်ခဲ့တဲ့ မက်ခ် ဇူကာဘတ်ထက်ပိုစောတဲ့အရွယ် အသက် (၂၁) နှစ်မှာ ကိုင်လီက ဘီလျံနာဖြစ်ခဲ့တာပါ။

အခုလို အသက်အငယ်ဆုံးဘီလျံနာတစ်ယောက်ဖြစ်လာခဲ့တာက (၂၀၁၅) ခုနှစ်မှာ ကိုယ်ပိုင်အစွမ်းအစနဲ့ တည်ထောင်ခဲ့တဲ့ မိတ်ကပ်ကုမ္ပဏီ Kylie Cosmetic ကြောင့်ပါပဲ။ ပြီးခဲ့တဲ့နှစ်က ကိုင်လီဟာ သူရဲ့ Kylie Cosmetic ရောင်းအားကို အမေရိကန်ဒေါ်လာ သန်း (၃၆၀) ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Kylie Cosmetic ရဲ့ရောင်းအားအကုန်လုံးနီးပါးက ကိုင်လီရဲ့ လူမှုကွန်ယက်အကောင့်ကနေ တိုက်ရိုက်လာတာပါ။ သူရဲ့အင်စတာဂရမ်အကောင့်မှာလည်း follower (၁၂၈) သန်းရှိနေပြီး follower တွေထဲက သုံးပုံတစ်ပုံက အသက် (၁၈ – ၂၄) ဝန်းကျင်တွေဖြစ်ပါတယ်။ သူရဲ့Snapchat အကောင့်က ကြည့်ရှုသူအများဆုံးဖြစ်သလို တွစ်တာအကောင့်ကလည်း follower (၂၆.၇) သန်းရှိပါတယ်။

ကိုင်လီ အသက်အငယ်ဆုံးဘီလျံနာဖြစ်လာတာနဲ့ပတ်သက်ပြီး သူဟာ နာမည်ကြီးမိသားစုအသိုင်းအဝိုင်းကလာတာကြောင့်လို့ ပရိသတ်တွေရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်မှုကိုခံခဲ့ရပါတယ်။ ကိုင်လီအတွက် ကမ္ဘာ့အသက်ငယ်ဆုံးဘီလျံနာဆိုတဲ့ဂုဏ်ပုဒ်ကို ရရှိဖို့ရာ လွယ်ကူခဲ့တာတော့ မဟုတ်ပါဘူး။ ကိုယ်အားကိုယ်ကိုးပြီးကြိုးစားခဲ့တာကြောင့် အောက်ခြေကနေ ဒီအခြေအနေထိရောက်လာခဲ့တာပါ။

“ကျွန်မ ကိုယ်ထူးကိုယ်ချွန်ကြိုးစားခဲ့တာက တကယ်ပါ။ ကျွန်မရဲ့မိဘတွေက ကျွန်မ အသက် (၁၅) နှစ်အရွယ်မှာ အဆက်အသွယ်ဖြတ်ပစ်ခဲ့တာပါ။ ကျွန်မရဲ့မိဘတွေက ကျွန်မကို ကိုယ်ပိုင်ငွေ ဘယ်လိုသုံးရတယ်၊ ဘယ်လိုငွေစုရလဲဆိုတာ နားလည်တတ်စေဖို့ ကိုယ်တိုင် ငွေရှာစေခဲ့ပါတယ်။ ကျွန်မ ပြောချင်တာက ကျွန်မမှာ နေရာတစ်ခုတော့ရှိခဲ့တယ်။ ဒါပေမဲ့ မိဘတွေဆီက ငွေတစ်ပြားတစ်ချက်မှ မရရှိခဲ့ပါဘူး” လို့ ကိုင်လီက ပြောပါတယ်။

အခုလိုမျိုး မိဘတွေရဲ့အကူအညီမပါဘဲ ကိုယ်အားကိုယ်ကိုးပြီး ကြိုးစားခဲ့တာကြောင့် ကိုင်လီဟာ အသက် (၂၁) နှစ်အရွယ်လေးနဲ့ အများအားကျရတဲ့ အသက်အငယ်ဆုံးဘီလျံနာတစ်ယောက်ဖြစ်လာခဲ့တာပါ။

Ref: Kylie Jenner insists she is ‘self-made’ because her parents ‘cut her off at the age of 15’
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top