ရုတ်တရက် လုပ်ငန်းဖျက်သိမ်းသွားတဲ့ Red Dot ကုမ္ပဏီ

gettyimages-653637234-1024x1024-1.jpg

အခုအခါမှာ လုပ်ငန်းဖျက်သိမ်းသွားခဲ့တဲ့ Red Dot ကုမ္ပဏီကို ပေးထားတဲ့ စပေါ်ငွေတွေ ပြန်ရနိုင်ချေမရှိလို့ ကိုယ်စားလှယ်တွေ စိတ်ပျက်နေကြပါတယ်။ Red Dot ကုမ္ပဏီဟာ Electronic Mobile Top Up နဲ့ e payment network ကို ပုံဖော်ခဲ့ပြီး ဖုန်းဘေလ်ကအစ မိုဘိုင်းငွေပေးချေမှု၊ အွန်လိုင်းဈေးဝယ်မှု၊ လေယာဉ်လက်မှတ်၊ ကားလက်မှတ်၊ ပွဲလက်မှတ်တွေ ဝယ်ယူနိုင်အောင် ဝန်ဆောင်ပေးခဲ့တဲ့ကုမ္ပဏီပါ။

၂၀၁၅ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ လုပ်ငန်းလည်ပတ်ခဲ့တဲ့ Red Dot ကုမ္ပဏီဟာ ၂၀၁၇ ခုနှစ်မှာတော့ ပြည်ပကုမ္ပဏီအဖြစ် မှတ်ပုံတင်ခဲ့ပါတယ်။ အိုင်ယာလန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင် ဂျွန်နာဂယ် (John Nagle) က Red Dot ကုမ္ပဏီကို တည်ထောင်ခဲ့တာပါ။ ဂျွန်နာဂယ်ဟာ အိုင်ယာလန်နိုင်ငံမှာ ဒေဝါလီခံခဲ့ရသူဖြစ်ပြီး သူတို့ဇနီးမောင်နှံ နေထိုင်တဲ့အိမ်ကိုလည်း အိုင်ယာလန်ဘဏ်က အကြွေးနဲ့ သိမ်းခဲ့ဖူးပါတယ်။ ဂျွန်နာဂယ်ဟာ အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့အခြေစိုက်တဲ့ Alphyra (နောက်ပိုင်းမှာ Payzone လို့ အမည်ပြောင်းလဲခဲ့) ငွေကြေးပေးချေမှုကွန်ရက်တစ်ခု တည်ထောင်ခဲ့ဖူးသူပါ။ ဒါပေမဲ့ သူနဲ့ ဘုတ်အဖွဲ့ကြား သဘောထားကွဲလွဲမှုတွေရှိခဲ့လို့ ဒေဝါလီခံခဲ့ရတာလို့ ၂၀၁၅ ခုနှစ်က အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။

ပထမဆုံးလုပ်ငန်းလည်ပတ်တဲ့နှစ်မှာပဲ မြန်မာနိုင်ငံအတွင်းက ဈေးဆိုင်နဲ့ စတိုးဆိုင် ၁၀၀၀၀ လောက်နီးပါးမှာ Red Dot ကုမ္ပဏီရဲ့ စက်တွေတပ်ဆင်ခဲ့ကြပါတယ်။ အဲဒီကာလအတွင်း Red Dot ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၂၅ သန်း ရင်းနှီးမြှုပ်နှံခဲ့ပြီး မြန်မာတစ်နိုင်ငံလုံးမှာ Red Dot ကုမ္ပဏီရဲ့စက်တွေ ပျံ့နှံ့သွားစေဖို့ ရည်မှန်းထားတယ်လို့ ဂျွန်နာဂယ်က ပြောပါတယ်။ စက်တပ်ဆင်ဖို့အတွက် ကိုယ်စားလှယ်တွေက စက်တစ်လုံးကို မြန်မာကျပ်ငွေ ၇၅၀၀၀ ပေးရပါတယ်။ ဒါ့အပြင် ကိုယ်စားလှယ်တွေဟာ Red Dot ကုမ္ပဏီကို စပေါ်ငွေ ၁ သိန်း၊ ၂ သိန်းလောက် ပေးခဲ့ရပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာလ၊ နိုဝင်ဘာလတွေကစပြီး Red Dot ကုမ္ပဏီရဲ့ ငွေပေးချေမှုနဲ့ ငွေလွှဲဝန်ဆောင်မှုပိုင်းမှာ ပြဿနာပေါ်ခဲ့ပြီး ဒီဇင်ဘာလအရောက်မှာတော့ Red Dot ကုမ္ပဏီက ငွေပေးဆောင်မှုဝန်ဆောင်မှုအားလုံးကို ရပ်ဆိုင်းခဲ့တာပါ။ ဇန်နဝါရီလအစမှာတော့ ကိုယ်စားလှယ်တွေက သူတို့ထံ ပေးထားတဲ့ Red Dot ကုမ္ပဏီရဲ့ ဖုန်းနံပါတ်တွေကို ဖုန်းခေါ်ဆိုရာမှာ ဖုန်းပိတ်နေမှန်း သိခဲ့ရတာပါ။ အဲဒီအတွက် ကိုယ်စားလှယ်တွေ ဆုံးရှုံးနစ်နာသွားတဲ့ ငွေကြေးတန်ဖိုးက ကျပ်ငွေဘီလျံနဲ့ချီတယ်လို့ ဆိုပါတယ်။

Red Dot ကုမ္ပဏီ ဖျက်သိမ်းသွားတာနဲ့ပတ်သက်ပြီး စားသုံးသူရေးရာ ဦးစီးဌာနကို တိုင်ကြားမှုတွေ ရှိပေမဲ့ စားသုံးသူကာကွယ်ပေးရေးဥပဒေနဲ့ ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘူးလို့ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက ပြောပါတယ်။ စားသုံးသူကာကွယ်ပေးရေးဥပဒေမှာ စားသုံးသူကိုပဲကာကွယ်ပေးတာဖြစ်ပြီး Red Dot ကုမ္ပဏီ ဖျက်သိမ်းသွားချိန်မှာ ဆုံးရှုံးနစ်နာသူတွေက စားသုံးသူတွေမဟုတ်ဘဲ လုပ်ငန်းရှင်တစ်ပိုင်းလို့ ပြောရမယ့် ကိုယ်စားလှယ်တွေဖြစ်နေတာကြောင့်လို့ ဆိုပါတယ်။

Red Dot ကုမ္ပဏီဟာ ဗဟိုဘဏ်မှာ လိုင်စင်လျှောက်ထားခဲ့ခြင်းမရှိသလို ဗဟိုဘဏ်ကလည်း လိုင်စင်ထုတ်ပေးထားတာမျိုး မရှိဘူးလို့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောပါတယ်။ ပြည်သူလူထုရဲ့ အပ်နှံငွေရှိမှပဲ အဲဒီအဖွဲ့အစည်းကို ဗဟိုဘဏ်က ထိန်းချုပ်ရမှာဖြစ်လို့ Red Dot ကုမ္ပဏီကို ဗဟိုဘဏ်က ထိန်းချုပ်ဆောင်ရွက်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ ၂၀၁၈ ခုနှစ်တုန်းကတော့ Red Dot ကုမ္ပဏီကို ထိန်းချုပ်ဆောင်ရွက်ဖို့ သင့်၊ မသင့်ဆိုတာကို ကမ္ဘာ့ဘဏ်နဲ့ ဆွေးနွေးခဲ့ဖူးတယ်လို့ ဦးဘိုဘိုငယ်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top