တပ်မတော်ရဲ့ ထုတ်ပြန်ချက်နဲ့ တပ်ချုပ်ရဲ့ ပြောကြားချက်တွေဟာ မတည်ငြိမ်မှုတွေကိုဖြစ်စေဖို့ အားပေးရာရောက်တယ်လို့ သမ္မတရုံးပြော

4-11-2020-yyl-021.jpg

ရန်ကုန် နိုဝင်ဘာ ၄
တပ်မတော်ရဲ့ ထုတ်ပြန်ချက်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပေါ်ပြူလာဂျာနယ်တို့ရဲ့ တွေ့ဆုံမေးမြန်းခန်းက ပြောကြားချက်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဥပဒေတွေရဲ့ အနှစ်သာရနဲ့ ကိုက်ညီမှုမရှိဘူးလို့ နိုင်ငံတော်သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

တပ်မတော်ရဲ့ ထုတ်ပြန်ချက်ဟာ နိုင်ငံရေးပါတီနဲ့ လူပုဂ္ဂိုလ်အချို့ရဲ့ တိကျရေရာသေချာမှုမရှိတဲ့ ပြောကြား ချက်တွေကို အခြေခံထားတာဖြစ်ပြီးတော့ လွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မြောက်ရေးကို အထောက်အကူ မဖြစ်စေဘဲ စိုးရိမ်စိတ်တွေ၊ မတည်ငြိမ်မှုတွေဖြစ်စေရေးကို အားပေးရာရောက်တယ်လို့ သူက ဆိုပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ နိုဝင်ဘာ ၂ ရက်နေ့ ထုတ်ပြန်ကြေညာချက်မှာ နိုင်ငံတော်အစိုးရက ဖွဲ့စည်းပေးထားတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ရပ်တွေဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေးအတွက် သံသယဖြစ်ဖွယ်ဖြစ်ကြောင်းနဲ့ ဒီကိစ္စအတွက် အစိုးရအဖွဲ့မှာလည်း တာဝန်ရှိကြောင်း ဖော်ပြထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဝေဖန်တိုက်ခိုက်မှုတွေဟာ လက်ရှိကော်မရှင်ဥက္ကဌလက်ထက် မှာတင်မဟုတ်ဘဲ အရင်ကော်မရှင်ဥက္ကဌလက်ထက်မှာလည်းရှိခဲ့ပြီးတော့ ကော်မရှင်ကိုပြင်ဆင်ဖွဲ့စည်းပေးဖို့အတွက် လူထုဆန္ဒလက်မှတ်ကောက်ခံတာတွေအထိတောင်ကြုံခဲ့ရတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲဖြစ်အောင် ကြိုးစားနေပေမယ့် တရား မျှတမှုမရှိအောင် ကြိုတင်ပုံဖော်နေတာတွေကို တွေ့ရှိနေရတဲ့အတွက် ရွေးကောက်ပွဲပျက်ပြားဖို့ အချိန်ကိုက် လှုပ်ရှားမှုတွေကို အထူးသတိပြုကြစေလိုတယ်လို့ သူက ဆိုပါတယ်။


အခုလိုအချိန်မှာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေဖြစ်မြောက်ရေးဟာ နိုင်ငံတော်အစိုးရရဲ့ ဦးစားပေးမူဝါဒဖြစ်တဲ့အပြင် ဒီလိုကျင်းပနိုင်ဖို့အတွက် တစ်နိုင်ငံလုံး ဝိုင်းဝန်းဆောင်ရွက်ရမယ့်အချိန်လည်းဖြစ်တယ် လို့ ဦးဇော်ဌေးက ပြောပါတယ်။

ပေါ်ပြူလာဂျာနယ်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ”အခြေခံဥပဒေ ကပဲ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို သွားနေတာ။ ဒီပေါ်မှာ ခိုင်ခိုင်မာမာဖြစ်ဖို့ တပ်မတော်က ပြောဖို့ တာဝန်ရှိတယ်။ နိုင်ငံရဲ့ သိက္ခာကို အထိအခိုက်မခံနိုင်ဘူး။ ဒါကြောင့် ထုတ်ပြောတာ”လို့ ဆိုထားပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top