အိမ်ရာမဲ့အမျိုးသားနဲ့ အမယ်အို

9.11.23-yyl-6.jpg

တညမှာ တံခါးခေါက်သံကြားလို့ အမယ်အိုကြီး တံခါးဖွင့်လိုက်တော့ အမျိုးသားတစ်ယောက် မတ်တပ်ရပ်နေတာ တွေ့တယ်။ အအေးဒဏ်ကြောင့် တုန်ယင်နေပြီး ဆာလောင်နေပုံလည်း ရတယ်။

” ကျွန်တော်က ချို့တဲ့နွမ်းပါးတဲ့ အိမ်ရာမဲ့တစ်ယောက်ပါ။ တညလောက် တည်းခိုခွင့်ပြုနိုင်မလားခင်ဗျာ။ နံနက်အလင်းရောင် လာတာနဲ့ ကျွန်တော် ထွက်သွားပါ့မယ်။ ကူညီပါနော်”လို့ ခပ်တိုးတိုးလေး ပြောတယ်။

အမယ်အိုကလည်း သနားသွားလို့ သူ့အိမ်မှာ တည်းခွင့်ပေးလိုက်တယ်။ ညစာကျွေးပြီး သူ အိပ်ဖို့ အခန်းတစ်ခန်း ပေးတယ်။

ညဉ့်သန်းခေါင်ရောက်တော့ ဆူညံသံတွေကြောင့် အမယ်အိုကြီး အိပ်ရာက နိုးလာတယ်။ အခန်းထဲ သွားကြည့်တော့ အိမ်ရာမဲ့အမျိုးသားကို မတွေ့တော့ဘူး။ ပြီးတော့ ရတနာသေတ္တာလည်း ပျောက်နေတယ်။ အမယ်အိုလည်း ထိတ်လန့်သွားတာပေါ့။ တခဏအတွင်းမှာပဲ အမယ်အိုက ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းလိုက်တယ်။

အိမ်နီးချင်းတွေ ပြေးလာပြီး အမယ်အိုကို အကျိုးအကြောင်း မေးကြတာပေါ့။ ” မနေ့ညက သူစိမ်းတစ်ယောက်ကို အိမ်မှာ တည်းခွင့်ပေးလိုက်တာ။ လက်ဝတ်လက်စားတွေ ထည့်ထားတဲ့ ရတနာဘူးကို ခိုးသွားတယ်”

” အကြင်နာထားတုန်းလည်း မကောင်းဘူးဗျ။ လူတွေကို အမြဲတမ်း ကူညီနေစရာမလိုပါဘူးဗျာ”လို့ အိမ်နီးချင်းတစ်ယောက်က ပြောလိုက်တယ်။

နံနက်ကျတော့ အမယ်အိုရဲ့အိမ်ကို ရဲတွေ ရောက်လာတယ်။ သူတို့နဲ့အတူ ရတနာဘူးလည်း ပါလာတယ်။ ရတနာဘူးကို မြင်လိုက်ရတော့ အမယ်အိုလည်း စိတ်သက်သာရာ ရသွားတာပေါ့။
” တရားခံကို မိပြီလား။ သူက အိမ်ရာမဲ့အဖြစ် ဟန်ဆောင်ပြီး ဓားပြတိုက်သွားတာ”လို့ အမယ်အိုက မေးလိုက်တယ်။

” အဲဒီအိမ်ရာမဲ့ကြောင့် အန်တီ့ရဲ့ ရတနာဘူး ပြန်ရတာပါ။ သူက တရားခံမဟုတ်ပါဘူး။ မနေ့ညက အန်တီ့အိမ်ကို လူတစု ဓားပြလာတိုက်ပြီး ရတနာဘူးကို ယူသွားကြတာ။ တကယ်တော့ အိမ်ရာမဲ့က တိုက်ရည်ခိုက်ရည်ကောင်းတဲ့ စစ်ပြန်တစ်ဦးပဲ။ သူ့ကြောင့်ပဲ ဓားပြတွေကို ဖမ်းမိခဲ့တာ။ အခုတော့ သူက သေနတ်ဒဏ်ရာရထားလို့ ဆေးရုံ ရောက်နေတယ်”လို့ ရဲအရာရှိတစ်ယောက်က ဖြေလိုက်တော့ အမယ်အိုလည်း ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။

သင်ခန်းစာ။ ။
စေတနာမှန် ပဲ့တင်သံ သင့်ထံ ပြန်လာမည်။ အကြင်နာတရား လက်ကိုင်ထား မုချ တုံ့ပြန်မည်။

Ref: Chima Dickson

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top