Karma (ကံကြမ္မာ)

44028863_1396522347146174_5352097831471546368_n.jpg

ကံကြမ္မာ ဆိုတာကို အဓိပ္ပါယ်ဖွင့်ရရင် ”မိမိပြုလိုက်တဲ့ အကျိုးတရားတွေကို အခြေခံပြီး အနာဂတ်မှာ ဖြစ်လာမယ့် အကြောင်းတရား” လို့ ဖွင့်ဆိုလို့ ရမယ်ထင်ပါတယ်။ ဘာတွေပြုလိုက်ရင် ဘာတွေဖြစ်လာမှာလဲ။ ယေဘုယျအားဖြင့် ကောင်းတာလုပ်ရင် ကောင်းတာ ဖြစ်မယ်၊ ဆိုးတာလုပ်ရင် ဆိုးတာဖြစ်မယ်။

ကောင်းတာလုပ်တဲ့လူအတွက် ကောင်းတာတွေကို ကံကြမ္မာက ယူဆောင်လာပေးမယ်။ မကောင်းတာလုပ်တဲ့သူကို ကံကြမ္မာက ဒဏ်ခတ်မယ်။ တူညီသော အကျိုးကိုခံစားရမယ်။ ကျွန်တော်တို့ ဒီလိုခံယူထားကြပါတယ်။

(၁) ငှက်တစ်ကောင်ဟာ အသက်ရှင်စဉ် အတွင်းမှာ ပုရွက်ဆိတ် ကလေးတွေကို စားပါတယ်။ အဲဒီငှက် သေသွားတဲ့အခါမှာတော့ ပုရွက်ဆိတ်တွေက ငှက်ကိုပြန်ပြီး စားကြပါတယ်။

(၂) သစ်ပင်တစ်ပင်ဟာ မီးခြစ်ဆံပေါင်းများစွာကို ဖန်တီး ဖြစ်ပေါ်စေနိုင်ပါတယ်။ အဲဒီမီးခြစ်ဆံကလေးကတော့ သစ်ပင်ပေါင်းများစွာကို မီးလောင်ပျက်စီးသွားစေနိုင်ပါတယ်။

(၃) ကားမောင်းသမားတစ်ဦးဟာ သူရဲ့ မဆင်ခြင်မှုကြောင့် မတော်တဆမှုဖြစ်ပြီး တစ်စုံတစ်ယောက်ကို ထိခိုက်နာကျင်စေခဲ့ပါတယ်။ မကြာခင်မှာပဲ အခြားသူတစ်ဦးရဲ့ မဆင်ခြင်မှုကြောင့် ကားမောင်းသမားဟာ ထိခိုက်နာကျင်မှုကို ပြန်ခံစားရပါတယ်။

(၄) အလှူအတန်း ရက်ရောပြီး လူတွေအပေါ် စေတနာထားတဲ့ လူတစ်ယောက်ဟာ သင်္ဘောနစ်တဲ့အခါ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။

ဒါတွေကို Karma လို့ ထင်ရင် သင်မှားနိုင်ပါတယ်။ ပုရွက်ဆိတ်တွေက ငှက်ကိုစားတာဟာ ဂေဟစနစ် (အစာကွင်းဆက်) ကြောင့်သာ ဖြစ်ပါတယ်။ ကျားတစ်ကောင်ဟာ ယုန်ကိုစားပေမဲ့ ယုန်ကတော့ မြက်ကိုသာ ပြန်စားပါတယ်။ အကယ်၍ သစ်ပင်ဆီကနေ မီးခြစ်ဆံတွေ မထုတ်ပဲ သွားကြားထိုးတံတွေသာ ထုတ်မယ်ဆိုရင် သစ်ပင်တွေ မီးလောင်စရာ အကြောင်းမရှိပါဘူး။ ကားမောင်းသမားဟာလည်း ပြန်လည် ထိခိုက်နာကျင်ခဲ့ရတယ်ဆိုတာ သူဟာ ကားမောင်းခြင်းကို မကြာခဏ ပြုလုပ်နေရတဲ့သူဖြစ်တာကြောင့် ကားမတော်တဆဖြစ်မှုနဲ့ အမြဲ နီးစပ်တာကြောင့် ဖြစ်ပါတယ်။ သင်္ဘောနစ်လို့ မသေခဲ့တဲ့လူဟာ တစ်ပါးသူဆီက အသက်ကယ် ဘောကွင်းကို လုယူခဲ့လို့ အသက်ရှင်ခဲ့တာ ဖြစ်ပါတယ်။

Karma ဆိုတာက ကျွန်တော်တို့ရဲ့ စိတ်လိုအင် ဆန္ဒတွေကို ဖြည့်ဆည်းပေးလာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အကျိုးဆက်များ (Consequences) သာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကောင်းတာတွေကိုလိုချင်တယ်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် ဆိုတဲ့ Karma ကြောင့် ကောင်းတာတွေကို လုပ်တယ်။ မကောင်းတာတွေကို မလုပ်တာကလည်း ဒီအတိုင်းပါပဲ။ မကောင်းတာ လုပ်ထားတဲ့ လူတစ်ယောက်ကိုတောင် သင်ဟာ ဘယ်အချိန်မှာ ဒီလူ မကောင်းတာ ပြန်ခံစားရမလဲဆိုတဲ့ အမြင်နဲ့ သူ့ကို ထိုင်ကြည့်နေခဲ့ဖူးပါလိမ့်မယ်။

နောက်ပြီးတော့ ကောင်းမှု၊ မကောင်းမှုတွေကို ဘယ်လိုသတ်မှတ်ကြမလဲဆိုတာ အတော်လေး ခဲယဉ်းပါတယ်။ သူခိုးတစ်ယောက်ဟာ ခိုးယူခြင်းဆိုတဲ့ မကောင်းမှုကို ပြုနေတယ်ဆိုပေမဲ့ သူဟာ သူ့ကို မှီခိုနေတဲ့ မိသားစုကို ရှာဖွေ ကျွေးမွေးနေရတာလည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတလေ ကျွန်တော်တို့ တိုင်းတာတဲ့ ပေတံတွေဟာ တော်တော်လေးလွဲနေတတ်တာပါ။

ကျွန်တော်တို့ဟာ Karma ဆိုတဲ့ အကျိုးဆက်တွေကို စောင့်မျှော် ယုံကြည်မနေသင့်ပါဘူး။ ကောင်းတာကို လိုချင်လို့ ကောင်းတာလုပ်မယ် ဆိုတာထက် လုပ်သင့်တယ်လို့ ခံယူပြီး လုပ်ရမှာဖြစ်သလို မကောင်းတာကိုလည်း မလုပ်သင့်လို့ မလုပ်တာပဲ ဖြစ်နေရပါမယ်။

Karma ဆိုတာ လူတွေရဲ့ ကိုယ်ကျင့်တရားကို ထိန်းသိမ်းပေးဖို့ လူတွေကိုယ်တိုင် သတ်မှတ်လိုက်တဲ့ စကားလုံးတစ်ခုပါ။ ကျွန်တော်တို့ဟာ အကြောက်တရား တစ်ခုကြောင့် ဖြစ်စေ၊ ရှေးရိုးစဉ်ဆက် လက်ဆင့်ကမ်းခဲ့လို့ ဖြစ်စေ မလုပ်ရဘူးလို့ သတ်မှတ်ခဲ့တာတွေကို လွယ်လွယ်ကူကူပဲ လက်ခံလိုက်လေ့ရှိပါတယ်။ တကယ်တမ်းက ဘာ့ကြောင့်လဲဆိုတဲ့ မေးခွန်းကို မေးတတ်ရမှာ ဖြစ်ပါတယ်။ ဒါမှသာ မိမိရဲ့ ကိုယ်ပိုင်အသိအမြင် အတွေးအခေါ်နဲ့ ချိန်ထိုးပြီး လုပ်သင့်တယ် မလုပ်သင့်ဘူး ဆုံးဖြတ်နိုင်တဲ့ အသိမြင့်လူသားအဆင့်ကို ရောက်ရှိနိုင်မှာဖြစ်ပါတယ်။

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top