သူရမချစ်ပို (သို့မဟုတ်) မြန်မာနိုင်ငံရဲ့ သူရဘွဲ့ရ တစ်ဦးတည်းသောအမျိုးသမီး

yyl-009.jpg
မြန်မာနိုင်ငံမှာ သူရဘွဲ့ကို အမျိုးသားများသာ ရရှိကြတာ များပါတယ်။ မြန်မာနိုင်ငံရဲ့ သူရဘွဲ့ရ တစ်ဦးတည်းသောအမျိုးသမီးကတော့ မချစ်ပိုပဲဖြစ်ပါတယ်။ မချစ်ပိုကို ၁၉၀၇ခုနှစ်မှာ မွေးဖွားခဲ့ပြီး ရိုးသားဖြူစင်တဲ့ ထားဝယ်သူလေးတစ်ဦးပဲဖြစ်ပါတယ်။ သူမရဲ့မောင်တစ်ယောက်က ဘီအီးတပ်ထဲဝင်ရောက်သွားတော့ ​​မောင်ငယ်ကို​​ကို လိုက်ရှာရင်း မေမြို့ကို ရောက်ရှိလာခဲ့ပါတယ်။ မေမြို့မှာပဲ တပ်မတော်သားတစ်ဦးနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ သူမအမျိုးသားနာမည်ကတော့ လှမောင်ဖြစ်ပြီး တပ်ကြပ်ရာထူးနဲ့ တာဝန်ထမ်းဆောင်နေခဲ့တာပါ။
မချစ်ပိုဟာ တိုင်းရင်းသူပီပီ စကားသံဝဲဝဲနဲ့ စိတ်ရင်းဖြူစင်သူဖြစ်တာကြောင့် လူချစ်လူခင်ပေါသူတစ်ဦးဖြစ်ပါတယ်။ အရပ် ၅ပေသုံးလက်မခန့်ရှိပြီး စကားပြောရင်လည်း တိုင်းရင်းသူတို့ထုံးစံအတိုင်​း ခပ်ပြတ်ပြတ်ပြောလေ့ရှိသလို အလုပ်လုပ်ရင်လည်း ပြတ်ပြတ်သားသားလုပ်တတ်ပါတယ်။ မချစ်ပိုရဲ့အမျိုးသားဟာ တပ်အတွင်းမှာ ထမင်းချက်တာဝန်ယူရပါတယ်။ ဒါပေမယ့် အလျဉ်းသင့်သလို တစ်ခါတစ်လေမှာ တိုက်ခိုက်တဲ့ အဖွဲ့ထဲ ဝင်ရောက်တိုက်ခိုက်ရပါတယ်။ အဲ့ဒီအချိန်ဟာ ကေအင်ဒီအိုတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ အချိန်ကာလပဲဖြစ်ပါတယ်။
မချစ်ပိုဟာ ကေအင်ဒီအိုတပ်ဖွဲ့ တပ်စွဲထားတဲ့နယ်မြေတွေထဲအထိ ရုပ်ဖျက်ပြီး ဝင်ရောက်ထောက်လှမ်းပေးခဲ့ပါတယ်။ တပ်မတော်သားတစ်ဦးရဲ့ ဇနီးတစ်ယောက်ပီပီ လက်နက်တွေ၊ ဗုံးတွေကို သူမက ကျွမ်းကျင်စွာ အသုံးပြုနိုင်ပါတယ်။ တစ်ခါတစ်လေ ရန်သူတွေနဲ့ ပက်ပင်းတ်ိုးတဲ့အခါမျိုးမှာ လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ပါတယ်။ ညဘက် အငိုက်ဖမ်း ဝင်ရောက်တဲ့ တိုက်ပွဲတွေမှာလည်း မချစ်ပိုက ရဲဘော်ရဲဘက်များနဲ့အတူ ပူးပေါင်းဆင်နွှဲခဲ့ပါတယ်။ မချစ်ပိုရဲ့သတင်းပေးမှုတွေဟာ တပ်မတော်သားတွေအတွက် အလွန်ပဲ အကျိုးကျေးဇူးရခဲ့ပါတယ်။
တစ်ရက်မှာတော့ ရန်သူနဲ့ အဆက်အစပ်ရှိတဲ့သူတစ်ယောက်ရဲ့ လက်ထောက်ချမှုအောက်မှာ မချစ်ပိုအကြောင်းကို ကေအင်ဒီအိုတွေက သိရှိသွားခဲ့ပါတယ်။ မချစ်ပိုကို ထောင်ချောက်ဆင်ပြီး ဖမ်းဆီးကာ အမျိုးမျိုးစစ်ဆေးခဲ့ပါတယ်။ ခေါင်းမာတဲ့မချစ်ပိုကတော့ နောက်ဆုံးအချိန်ထိ တင်းခံသွားခဲ့ပါတယ်။ နောက်ဆုံးမှာ ရန်သူတွေက နှိပ်စက်ညှင်းပန်းပြီး ရက်စက်စွာသတ်ဖြတ်ခဲ့ပါတယ်။ မချစ်ပိုဟာ ၁၉၄၉ခုနှစ် ဧပြီလ ၈ရက်နေ့မှာ ကျဆုံးသွားခဲ့ပါတယ်။ မချစ်ပိုကျဆုံးတဲ့နေ့ရက်ဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်များက မန္တလေးမြို့ကို ပြန်လည်သိမ်းပိုက်ပြီး မြို့သိမ်းအောင်ပွဲအခမ်းအနားပြုလုပ်တဲ့ရက်ပဲဖြစ်ပါတယ်။
မချစ်ပိုအလောင်းကို ပြန်ဖော်ပြီး မေလ ၁၆ရက်နေ့မှာ ပြင်ဦးလွင်မြို့ ထိုးဘိုရပ်မှာ စစ်အခမ်းအနားနဲ့ သဂြိုလ်ခဲ့ပါတယ်။ မိန်းမသားတစ်ဦးဖြစ်သော်ငြား မချစ်ပိုရဲ့ ရွပ်ရွပ်ချွံချွံစွမ်းဆောင်နိုင်မှုတွေကြောင့် နိုင်ငံတော်က သူရဘွဲ့ကို ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။ သူရမချစ်ပိုရဲ့ သတ္တိရှိမှုတွေကို နှောင်းခေတ် မြန်မာအမျိုးသမီးလေးတွေအတွက် အားကျစရာ အတုယူစရာအဖြစ် ​ဖော်ပြ​​ပေးလိုက်​ရပါတယ်​။
Ref: သန်းဝင်းလှိုင်:သမိုင်းတစ်ကွေ့မှ အကျော်ဇေယျ မြန်မာအမျိုးသမီးများ
Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top