မနက်ခင်းမှာ အစာမရှိဘဲ ကော်ဖီမသောက်သင့်တဲ့အကြောင်းအရင်း

yyl59032.jpg

တချို့လူတွေက မနက်ခင်းအိပ်ရာထတာနဲ့ ကော်ဖီတစ်ခွက်သောက်လိုက်ရမှ တစ်နေ့တာကို တက်ကြွလန်းဆန်းစွာနဲ့ ဖြတ်သန်းနိုင်ကြပါတယ်။ ကော်ဖီသောက်တာက ကောင်းကျိုးတွေရှိပေမဲ့လည်း အစာမရှိဘဲကော်ဖီသောက်မယ်ဆိုရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးဖြစ်သွားနိုင်ပါတယ်။

အစာမရှိဘဲ ကော်ဖီသောက်ရင် ဘာတွေဖြစ်မလဲ

ကော်ဖီက အကျိုးကျေးဇူးတွေရှိတာကြောင့် မနက်ခင်းကို ကော်ဖီတစ်ခွက်နဲ့စတင်တာ ဘာမှမဖြစ်ပေမဲ့ အစာမရှိဘဲသောက်ရင်တော့ အစာခြေစနစ်ကို ပြင်းပြင်းထန်ထန်ထိခိုက်စေပါတယ်။ ဒီကဖင်းဓာတ်ပါတဲ့အရည်က အစာအိမ်ထဲမှာ အက်ဆစ်ဓာတ်ကို ထုတ်လွှင့်ပေးနိုင်ပါတယ်။ အစာအိမ်ထဲမှာ အစာမရှိတာကြောင့် အဲဒီအက်ဆစ်ဓာတ်တွေက အစာအိမ်လမ်းကြောင်းကို ပျက်စီးစေနိုင်သလို အစာမကြေတာ၊ ရင်ပူရင်ဆာဖြစ်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။

“မနက်ခင်းပိုင်းမှာ ဘလက်ခ်ကော်ဖီသောက်ရင် အက်ဆစ်ဓာတ်တွေက ပိုဆိုးရွားလာနိုင်ပါတယ်။ ဒါပေမဲ့ သကြား၊နွားနို့ပါတဲ့ ကော်ဖီကို သောက်ရင်တော့ အဲဒီလောက် မဆိုးရွားပါဘူး။ ဒါပေမဲ့ ပမာဏကန့်သတ်ပြီး သောက်သုံးဖို့လိုပါတယ်” လို့ Apollo Hospital က အာဟာပညာရှင် ဒေါက်တာ ပရိရန်ကာ ရိုတာဂျီ (Priyanka Rohtagi) ကပြောပါတယ်။

သင်ဟာ အစာအိမ်အချဉ်ပေါက်တဲ့ပြဿနာကြုံရပြီးဆိုရင် အစာမရှိဘဲ ကော်ဖီသောက်တာကို ရှောင်တာအကောင်းဆုံးဖြစ်ပြီး မနက်ခင်းကော်ဖီမသောက်ခင် ဘီစကစ်ကို စားထားလို့ရကြောင်း၊ ကိုယ်ဝန်ရှိတဲ့သူတွေ၊ ဆေးကုသမှုခံယူနေရတဲ့သူတွေ ဖြစ်နိုင်ရင် မနက်ခင်းကဖီးဓာတ်သောက်သုံးမှုပမာဏကို ရှောင်ရှားဖို့ ကြိုးစားသင့်ကြောင်း အာဟာရပညာရှင်က ဆိုထားပါတယ်။

တချို့လူတွေက ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းမလုပ်ခင် မနက်ခင်းပိုင်းမှာ ကော်ဖီတစ်ခွက်သောက်ကြပါတယ်။ ဒါကလည်း ကျန်းမာရေးအတွက် ဆိုးကျိုးရှိနိုင်ပါတယ်။ ကော်ဖီကို ရံဖန်ရံခါသောက်တဲ့သူဆိုရင် ရေဓာတ်ကုန်ခန်းတာတွေဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ သင့်ခန္ဓာကိုယ်က ကြွက်တက်တာ၊ ရင်ပူရင်ဆာဖြစ်တာတွေဖြစ်လာရင်တော့ လေ့ကျင့်ခန်းမလုပ်ခင် ကော်ဖီသောက်တာကို ရှောင်သင့်ပါတယ်။

“ပုံမှန်ဆိုရင် ကော်ဖီခွက်က (၁၂၀) မီလီလီတာ (သို့) (၁၅၀) မီလီလီတာ အရွယ်အစားဖြစ်သင့်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ (၂၅၀) မီလီလီတာဆန့်တဲ့ ကော်ဖီခွက်ကို သုံးလာကြပါတယ်” လို့ ဒေါက်တာပရိရန်ကာက ပြောပါတယ်။

ကော်ဖီက သင့်ကို စိတ်တက်ကြွလန်းဆန်းအောင် လုပ်ပေးတာမှန်ပေမဲ့ အစာမရှိဘဲ သောက်သုံးတာက ကောင်းတဲ့အရာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ သင်က အချိန်အကြာကြီး ကော်ဖီသောက်လာတဲ့သူ၊ ကော်ဖီသောက်တာ အဆင်ပြေတဲ့သူဆိုရင် ကော်ဖီဆက်သောက်လို့ရနိုင်ပါတယ်။ ဒါပေမဲ့ တစ်နေ့ကို ကော်ဖီ (၂) ခွက်သာ သောက်သုံးပေးသင့်ပါတယ်နော်။

Ref: TOI “Why should you avoid coffee on an empty stomach”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top