နနွင်းကို ဘယ်လိုလူမျိုးတွေက သတိထားစားသင့်သလဲ

7-9-2020-yyl-013.jpg

နနွင်းက အာရှနိုင်ငံတွေမှာ အသုံးများတဲ့ ဟင်းခတ်မှုန့်ပါပဲ။ နနွင်းကို ဟင်းလျာတွေထဲ ထည့်ချက်ကြတဲ့အပြင် ဆေးကုသတဲ့နေရာမှာလည်း အသုံးပြုကြပါတယ်။ ဒူးနာတာကုသတာ၊ ကိုလက်စထရောပမာဏကို ထိန်းတာ၊ နှလုံးရောဂါဖြစ်နိုင်ချေကို ဖြတ်တောက်ပေးတာ၊ အစာအိမ်ပြဿနာတွေအတွက် ထိရောက်စွာအစွမ်းထက်ပါတယ်။ နနွင်းက ကျန်းမာရေးအကျိုးကျေးဇူးတွေရှိပေမယ့်လည်း အသုံးပြုရမယ့် ပမာဏကို ကန့်သတ်ထားသင့်ပါတယ်။ ဘာလို့လဲဆိုရင် နနွင်းပမာဏအများကြီးနဲ့ မတည့်တဲ့သူတွေရှိပါတယ်။ ဘေးထွက်ဆိုးကျိုးရှိတဲ့အတွက် တချို့လူတွေက နနွင်းစားသုံးတဲ့အခါ ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ဘယ်လိုလူတွေက နနွင်းကို သတိထားစားပေးသင့်လဲဆိုတာ ဒီဆောင်းပါးလေးကနေ မျှဝေပေးလိုက်ရပါတယ်။

ကိုယ်ဝန်ဆောင်သည်နဲ့ နို့တိုက်မိခင်

နနွင်းကို ကိုယ်ခံအားစနစ်မြှင့်တင်ပေးနိုင်တဲ့ အရာအဖြစ်လည်း သိထားကြပါတယ်။ ပုံမှန်ဆိုရင် နနွင်းကို အစားအစာထဲ ထည့်တဲ့အခါ နနွင်းမှာပါဝင်တဲ့ ကာကူမင် (Curcumin) ဓာတ်က ချက်ထားတဲ့အစားအစာမှာဆို နည်းသွားတဲ့အတွက် ကိုယ်ဝန်ဆောင်သည်နဲ့ နို့တိုက်မိခင်တွေအတွက် အန္တရာယ်ကင်းပါတယ်။ ဒါပေမဲ့ ဆေးအနေနဲ့ နနွင်းကို သောက်သုံးတဲ့အခါ ဓမ္မတာလာအောင် လှုပ်ဆော်ပေးတဲ့အတွက် ကိုယ်ဝန်ပျက်ကျစေနိုင်တဲ့အထိ အန္တရာယ်ရှိနိုင်ပါတယ်။

သွေးအားနည်းရောဂါခံစားနေရတဲ့သူ

သွေးအားနည်းရောဂါက သံဓာတ်ချို့တဲ့ ခြင်းကြောင့်ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်က သွေးနီဥလုံလောက်စွာမလုပ်နိုင်တဲ့အခါ ခန္ဓာကိုယ်က သွေးထွက်ခြင်းကြောင့် သွေးနီဥတွေ အဆက်မပြတ်ဆုံးရှုံးရတဲ့အခါ သွေးအားနည်းရောဂါ ဖြစ်လာနိုင်ပါတယ်။ အဲဒီအခြေအနေမျိုးမှာ နနွင်းကို ပမာဏအများကြီးသောက်သုံးမိရင် အခြေအနေပိုဆိုးရွားလာစေပါတယ်။

သွေးကျဲဆေးသောက်နေရတဲ့သူ

သွေးကျဲဆေးသောက်နေရတဲ့သူ (ဒါမှမဟုတ်) နှာခေါင်းကနေ သွေးထွက်တာ မကြာခဏကြုံရတဲ့သူတွေက နနွင်းစားသုံးတဲ့အခါ ဂရုစိုက်ရပါမယ်။ အဲဒီလူတွေက နနွင်းကို အဆက်မပြတ်စားသုံးမယ်ဆိုရင် သွေးပျစ်တာ၊ သွေးထွက်တာတွေ ဖြစ်လာစေနိုင်ပါတယ်။

ဆီးချိုရောဂါရှိသူ

ဆီးချိုရောဂါရှိသူတွေက သူတို့ရဲ့တစ်နေ့တာ အစားအသောက်ကို သေချာဂရုစိုက်ပေးသင့်ပါတယ်။ သူတို့တွေက သွေးအတွင်းသကြားပမာဏကို ထိန်းပေးဖို့လိုအပ်ပါတယ်။ အရမ်းလည်းမများသင့်သလို အရမ်းလည်းမနည်းသင့်ပါဘူး။ နနွင်းမှာပါဝင်တဲ့ ကာကူမင်ဓာတ်က သွေးအတွင်းသကြားဓာတ်ပမာဏကို နည်းသွားစေနိုင်ပါတယ်။ နနွင်းကို သတိထားပြီး မသောက်သုံးဘူးဆိုရင် သွေးအတွင်း သကြားဓာတ်တွေ အရမ်းနည်းသွားစေနိုင်ပါတယ်။

ဆီးကျောက်တည်တဲ့သူ

ဆီးကျောက်တည်တာက သတ္တုဓာတ်နဲ့ ဆားတွေကြောင့်ဖြစ်လာတဲ့ ပုံဆောင်ခဲတွေဖြစ်ပါတယ်။ နနွင်းကလည်း ဆီးကျောက်တည်တာကို ဖြစ်စေနိုင်တဲ့ဓာတ်တွေ မြင့်မားစွာပါဝင်ပါတယ်။ ဒါကြောင့် ဆီးကျောက်တည်နေတဲ့သူက နနွင်းစားသုံးတာနဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုတွေလုပ်တာ အကောင်းဆုံးပါပဲ။

နနွင်းစားသုံးသင့်တဲ့ပမာဏ

တစ်နေ့ကို နနွင်းမှုန့် (၅၀၀-၂၀၀၀) မီလီဂရမ်ကို စားသုံးတာက ကျန်းမာရေးအတွက် ကောင်းကျိုးရှိပါတယ်။ သင့်အစားအစာထဲကို နနွင်းမှုန့် (၂၀၀၀-၂၅၀၀) မီလီဂရမ်ထည့်မယ်ဆိုရင် တစ်နေ့ကို ကာကူမင်ဓာတ် (၆၀-၁၀၀) မီလီဂရမ်လောက်သာ ထောက်ပံ့ပေးပါတယ်။ ဒီပမာဏက လူတွေအတွက် အန္တရာယ်မဖြစ်စေပါဘူး။ ဒါပေမဲ့ သင်က ကာကူမင်ကို ဖြည့်စွက်စာအနေနဲ့ သောက်သုံးဖို့ စဉ်းစားနေတယ်ဆိုရင် အရင်ဆုံး ဆရာဝန်နဲ့ တိုင်ပင်ကြည့်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ နနွင်းကို ဘယ်လိုလူမျိုးတွေ သတိထားစားသင့်လဲဆိုတာ အသေးစိတ်သေချာသိချင်ရင်တော့ ဆရာဝန်ကို မေးမြန်းကြည့်သင့်ပါတယ်။

Ref: These 5 people should be extremely cautious while having turmeric

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top