ချစ်သူကောင်လေးနဲ့ အောက်တိုဘာလထဲ လက်ထပ်တော့မယ့် မင်းသမီး ဂျိုဘိုအာ

29.8.2024-yyl-1.jpg

Tale of the Nine-Tailed ကိုရီးယားဇာတ်လမ်းတွဲနဲ့ လူသိများတဲ့ မင်းသမီးချော ဂျိုဘိုအာဟာ အခုနှစ်အောက်တိုဘာမှာ လက်ထပ်တော့မှာဖြစ်ပါတယ်။ သူဟာ အနုပညာလောကထဲကမဟုတ်တဲ့ ချစ်သူကောင်လေးနဲ့လက်ထပ်တော့မယ်လို့ သတင်းဌာနတစ်ခုက ဩဂုတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဂျိုဘိုအာရဲ့အေဂျင်စီ XYZ က တရားဝင်ကြေညာပေးခဲ့ပါတယ်။ “ဂျိုဘိုအာဟာ အချိန်အတော်ကြာ အပြန်အလှန်ယုံကြည်မှုတွေ၊ ချစ်ခင်မြတ်နိုးမှုတွေနဲ့ တည်ဆောက်ထားတဲ့ အဖိုးတန်ပုဂ္ဂိုလ်တစ်ဦးနဲ့ တွေ့ဆုံခဲ့ပြီး လာမယ့်ဆောင်းရာသီမှာ သူတို့ရဲ့ကျန်ရှိနေတဲ့ဘဝတွေကို အတူတကွဖြတ်သန်းမယ်လို့ ကတိပြုခဲ့ကြပါတယ်။ မင်္ဂလာပွဲကို အနုပညာလောကထဲကမဟုတ်တဲ့ သတို့သားနဲ့ နှစ်ဘက်စလုံးရဲ့မိသားစုကို ထည့်စဉ်းစားပြီးတော့ ဆိုးလ်မြို့မှာရှိတဲ့ နေရာတစ်ခုမှာ သီးသန့်ကျင်းပသွားမှာဖြစ်ပါတယ်။ မင်းသမီးဂျိုဘိုအာကို မယိမ်းမယိုင်တဲ့ နွေးထွေးတဲ့နှလုံးသားနဲ့ အမြဲတမ်းအားပေးခဲ့ကြသူအများအပြားကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။ ဂျိုဘိုအာအတွက် ကောင်းချီးပေးကြဖို့ တောင်းခံအပ်ပါတယ်။ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို ပြန်ပေးဆပ်ဖို့ မင်းသမီးတစ်ယောက်အနေနဲ့ ထူးချွန်ပြောင်မြောက်တဲ့တင်ဆက်မှုတွေကို ဆက်လက်ပြသသွားမှာဖြစ်လို့ စိတ်ဝင်တစားနဲ့ အားပေးကြပါ”လို့ ထုတ်ပြန်သွားခဲ့တာပါ။

ဂျိုဘိုအာက ၂၀၁၂ ခုနှစ်မှာ “Flower Band” ဇာတ်လမ်းတွဲနဲ့ အနုပညာပွဲဦးထွက်ခဲ့ပြီး “Sweet Stranger and Me”၊ “Degree of Love”၊ “My Strange Hero”၊ “Tale of the Nine-Tailed”၊ “Military Prosecutor Doberman” ၊ “Destined With You” ဇာတ်လမ်းတွဲအပါအဝင် ဇာတ်လမ်းတွဲတော်တော်များများမှာ ပါဝင်ခဲ့ပါတယ်။

လက်ရှိမှာတော့ နန်းတွင်းရိုမန့်ဇာတ်လမ်းတွဲ Hongrang မှာ မင်းသားလီဂျေးဝုခ်နဲ့အတူ ပါဝင်ဖို့ ပြင်ဆင်နေတဲ့အပြင် မကြာသေးခင်ကမှ ရိုက်ကူးရေးစတင်ခဲ့တဲ့ Knock Off ဇာတ်လမ်းတွဲမှာလည်း မင်းသား ကင်ဆိုဟွန်းနဲ့ ပါဝင်ထားပါတယ်။

Ref: Jo Bo Ah Announces Marriage Plans

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top