တိရစ္ဆာန်ရုံ ငွေကြေးအခက်ခဲ ဖြစ်နေတာ ကြောင့် ပင်ဂွင်းငှက် အားလုံးကို ခေါ်ယူမွေးစားခဲ့တဲ့ UK စူပါမားကတ် Iceland

12-6-2020-yyl-024.jpg

COVID-19 ကာလအတွင်းမှာ စီးပွားရေးလုပ်ငန်းတော်တော်များများ ငွေကြေးဆုံးရှုံးမှုတွေ ကြုံတွေ့နေကြရပါတယ်။ အထူးသဖြင့် တိရစ္ဆာန်ရုံတွေဆိုရင်လည်း ပိတ်ထားရပြီး လာရောက် လည်ပတ်တဲ့သူမရှိလို့ ဝင်ငွေလည်းအခက်ခဲ ဖြစ်နေရပါတယ်။ UK အကြီးဆုံးပရဟိတ တိရစ္ဆာန်ရုံ Chester Zoo ဆိုရင်လည်း ရုန်းကန်နေရရုံသာမက ပိတ်ပစ်ရတော့မယ့် အခြေအနေဖြစ်နေတယ်လို့ မကြာသေးခင်က ကြေညာခဲ့ပါတယ်။ အဲဒီလိုအခက်ကြုံ နေတာကြောင့် စူပါမားကတ် Iceland က တိရစ္ဆာန်ရုံက ပင်ဂွင်းငှက်တွေအားလုံးကို မွေးစားခြင်းဖြင့် တတ်နိုင်တဲ့ဘက်ကနေ တိရစ္ဆာန်ရုံကို ကူညီပေးလိုက်ပြီဖြစ်ပါတယ်။

အဲဒီနောက်မှာ တိရစ္ဆာန်ရုံက လူတွေရဲ့အကူအညီရဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ #SaveOurZoo ဆိုတဲ့ ကမ်ပိန်းကို စတင်ခဲ့ပါတယ်။ (၂) ရက်အတွင်းမှာပဲ ရန်ပုံငွေတွေရလာခဲ့ပေမယ့် လှူဒါန်းမှု တွေ လိုအပ်နေတုန်းပါပဲ။ ငွေကြေးအခက်ခဲ ဖြစ်တဲ့အတွက် တိရစ္ဆာန်ရုံက တိရစ္ဆာန်တွေများစွာ ထိခိုက်နစ်နာနေရပါတယ်။ တိရစ္ဆာန်လေးတွေ ထိခိုက်နစ်နာ နေရတာကြောင့် Iceland စူပါမားကတ်က ကူညီပေးခဲ့တာပဲဖြစ်ပါတယ်။ ဒါက ရာသက်ပန် ပိတ်ပစ်ရတော့မယ့် တိရစ္ဆာန်ရုံတွေကို ကယ်တင်နေတဲ့ #SaveOurZoo ရဲ့တစ်စိတ်တစ်ပိုင်းပါပဲ။

Chester Zoo က “တိရစ္ဆာန်ရုံပိတ်မပစ်ရဘဲ ဆက်လက်ဖွင့်ထားရဖို့ မျှော်လင့်ချက်လေးနဲ့ ကျွန်တော်တို့ ကြိုးစားခဲ့တာပါ”လို့ ပြောကြားရင်းနဲ့ ဒီကမ်ပိန်းကို စတင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရက ဆက်လက်ပိတ်ထားဦးမှာဖြစ်တဲ့အတွက် နောက်ထပ် တွန်းလှန်ကျော်လွှားရဖို့ကျန်ရှိနေပါသေးတယ်။ Iceland စူပါမားကတ်ကလည်း “ChesterZoo ကိုကယ်တင်ဖို့အတွက် ကျွန်တော်တို့ ပါဝင်လုပ်ဆောင်ခဲ့ပြီး ပင်ဂွင်းတွေကို မွေးစားခဲ့ပါတယ်”လို့ သူ့ရဲ့တွစ်တာအကောင့်မှာ ကြေညာခဲ့တာပါ။

Chester Zoo မှာ ပင်ဂွင်းငှက်အပါအဝင် အန္တရာယ်ကျရောက်နေတဲ့ တိရစ္ဆာန်မျိုးစိတ် (၅၀၀) နီးပါးရှိပါတယ်။ ပင်ဂွင်းငှက်တွေက မကြာသေးခင်ကမှ သားပေါက်ထားပါသေးတယ်။ ပင်ဂွင်းပေါက်လေးတွေကို ကိုရိုနာဗိုင်းရပ်စ်ကို ရှေ့တန်းကတွန်းလှန်နေတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို လေးစားတဲ့အနေနဲ့ NHS လို့ အမည်ပေးထားပါတယ်။ Iceland စူပါမားကတ်ရဲ့ MD ဖြစ်သူ ရစ်ချက် ဝေါကာကလည်း သူ့ကလေးတွေနဲ့ တိရစ္ဆာန်ရုံကို သွားလည်ခဲ့တဲ့ အမှတ်တရတွေကိုတောင် မျှဝေခဲ့ပါသေးတယ်။

“ကျွန်တော့်ကလေးတွေနဲ့အတူ ကလေးတစ်ယောက်လို တိရစ္ဆာန်ရုံကို သွားလည်တာ အမှတ်ရမိတယ်။ ကျွန်တော့်ကလေး တွေက အဲဒီကိုသွားရတာကြိုက်တယ်။ ChesterZoo ရဲ့လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲ တွေကို ကြားရတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်”ပါတယ်တဲ့။ ကပ်ရောဂါအတွင်းမှာ ဝင်ငွေအခက်အခဲ ဖြစ်နေတာက Chester Zoo အပါအဝင် ကမ္ဘာ့တစ်ဝှမ်းက တိရစ္ဆာန်ရုံတော်တော်များများပါပဲ။

Ref: UK Supermarket Iceland Adopts All Zoo’s Penguins To Save The Venue Which Has 500

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top