တစ်ချိန်တစ်ခါက ပရိသတ်တွေကြား နာမည်ကျော်ခဲ့တဲ့ The Beatles အဖွဲ့ရဲ့အဖွဲ့ဝင်ဟောင်း ဂျွန်လင်နွန်ဟာ မက် ဒေးဗစ် ချက်မန်းရဲ့လက်ချက်ကြောင့် သေဆုံးခဲ့တယ်ဆိုတာ စာဖတ်ပရိသတ်တွေလည်း အသိပါပဲ။ အခုဆိုရင် ဂျွန်လင်နွန်ကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ မက်ခ် ဒေးဗစ် ချက်မန်းကို လက်မှတ်ထိုးပေးခဲ့တဲ့ သူ့ရဲ့သီချင်းခွေကို လေလံတင်ရောင်းချနေတယ်လို့ မနေ့က သတင်းထွက်ရှိခဲ့ပါတယ်။
ဂျွန်လင်နွန်က ၁၉၈၀ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့ သူမသေဆုံးခင် နာရီအနည်းငယ်မှာ မက်ခ် ဒေးဗစ် ချက်မန်းအတွက် Double Fantasy သီချင်းအခွေမှာ လက်မှတ်ရေးထိုးပေးခဲ့တာပါ။ အဲဒီအခွေကို နယူးဂျာဇီက Goldin Auctions က နေတဆင့် သီးသန့်ပစ္စည်းစုဆောင်းသူတစ်ဦးက ရောင်းချနေပါတယ်။ မနေ့က ဒေါ်လာ ၄၅၀,၀၀၀ နဲ့ လေလံဈေးခေါ်ခဲ့ပေမဲ့ စနေနေ့ အွန်လိုင်းလေလံတင်မှုပိတ်သိမ်းတဲ့အချိန်မှာ ဒေါ်လာ (၁.၅) သန်းလောက်နဲ့ ရောင်းချနိုင်ဖို့ မျှော်လင့်နေတယ်လို့ Goldin Auctions ရဲ့ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
မက်ခ် ဒေးဗစ် ချက်မန်းက ဂျွန်လင်နွန်ကို သေနတ်နဲ့ (၄) ချက် ပစ်သတ်ခဲ့တာပါ။ ချက်မန်းက ဂျွန်လင်နွန်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဂျွန်လင်နွန်နေထိုင်တဲ့အိမ်ရာတံခါးနားမှာ စောင့်ဆိုင်းပြီးတော့ကို လုပ်ကြံခဲ့တာဖြစ်ပါတယ်။ ဂျွန်လင်နွန်က ဆေးရုံပို့ဆောင်တဲ့လမ်းမှာပဲ သေဆုံးသွားခဲ့ပါတယ်။ ချက်မန်းက ဂျွန်လင်နွန်သေဆုံးမယ့်နေ့ အစောပိုင်းမှာ သီချင်းခွေမှာ လက်မှတ်ထိုးခိုင်းခဲ့ပြီး သေနတ်နဲ့ပစ်သတ်ပြီးတဲ့နောက်မှာ Dakota အိမ်ရာအပြင်ဘက် ပန်းအိုးထဲ လွှတ်ပစ်ခဲ့တာပါ။ ရဲတွေကို အခင်းဖြစ်ပွားရာနေရာကို သက်သေအနေနဲ့ ရှာဖွေတော့ ဒီအခွေကို တွေ့ရှိပြီး ယူသွားခဲ့တာဖြစ်တယ်လို့ Goldin Auctions က ပြောပါတယ်။ ဒီအခွေက Rock N Roll ရဲ့အရေးကြီးဆုံး အမွေအနှစ်လို့ Goldin Auctions က ဆိုပါတယ်။
အင်္ဂါနေ့ ဂျွန်လင်နွန်ရဲ့အောက်မေ့တသနေ့မှာ The Beatles အဖွဲ့ဝင် ပေါလ်မက္ကာနေ (Paul McCartney) က “ဝမ်းနည်း..ဝမ်းနည်းဖို့ကောင်းတဲ့နေ့ပါ။ ဒါပေမဲ့ ကမ္ဘာကြီးဆီ ဂျွန် ယူဆောင်ပေးခဲ့တဲ့ ပျော်ရွှင်မှုတွေနဲ့အတူ ကျွန်တော့်သူငယ်ချင်းကို သတိရနေပါတယ်”လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။ နောက်ထပ်အဖွဲ့ဝင်ဖြစ်တဲ့ ရင်ဂိုစတား (Ringo Starr) ကလည်း “တစ်ခါတလေ ဒီနေ့လိုနေ့မျိုးမှာ Music Radio Station တိုင်းကို Strawberry Field Forver သီချင်းကို ဖွင့်ပေးဖို့ ကျွန်တော် တောင်းဆိုနေရတယ်။ ငြိမ်းချမ်းပါစေ။ ချစ်ခြင်းမေတ္တာတွေခြုံလွှမ်းပါစေ” လို့ ဆိုပါတယ်။
ဂျွန်လင်နွန်ရဲ့ဇနီး ယိုကို အိုနို (Yoko Ono) ကလည်း ငြိမ်းချမ်းရေးနဲ့ လက်နက်ကိုင်ဆောင်မှုဥပဒေပြောင်းလဲဖို့အတွက် တောင်းဆိုခဲ့ပြီး လင်နွန်ရဲ့သွေးတွေပေနေတဲ့နေကာမျက်မှန်ပုံကို “၁၉၈၀ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့မှာ ဂျွန်လင်နွန်အသတ်ခံရပြီးကတည်းက အမေရိကန်က လူပေါင်း (၁၄၃၆၀၀၀) ကျော်ကလည်း သေနတ်နဲ့အသတ်ခံလိုက်ရပြီးပါပြီ” လို့ ရေးသားထားပါတယ်။
Ref: Tribune “John Lennon’s album he signed for his killer is up for auction”
WL (ရိုးရာလေး)