တရားစွဲဆိုခဲ့တဲ့အမှုရှုံးနိမ့်ပြီးနောက် “Fantastic Beasts” တတိယမြောက်ဇာတ်ကားကနေ နှုတ်ထွက်ခဲ့ရတဲ့ ဂျွန်နီဒက်ပ်

9-11-2020-yyl-001.jpg

ဟောလိဝုဒ်လောကရဲ့ ဝါရင့်သရုပ်ဆောင်မင်းသားကြီး ဂျွန်နီဒက်ပ်ကတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ မှော်လောက အကြောင်းရိုက်ကူးထားတဲ့ the Fantastic Beasts တတိယမြောက် ဇာတ်ကားမှာ Grindewald ဇာတ်ကောင် အနေနဲ့ ပါဝင်သရုပ်ဆောင်ခွင့်ရတော့မှာမဟုတ်ဘူးလို့ သောကြာနေ့က ထုတ်ပြောလာခဲ့ပါတယ်။ ဂျွန်နီဒက်ပ်ဟာ သူ့ကို ဇနီးဟောင်းရိုက်နှက်သူလို့် ရေးသားခဲ့တဲ့ The Sun သတင်းတိုက်ကို အသရေဖျက်မှုနဲ့တရားစွဲဆိုခဲ့တဲ့အမှု ရှုံးနိမ့်ပြီးတဲ့နောက်မှာ အခုလို ဇာတ်ကားကနေ နှုတ်ထွက်ခဲ့ရတာဖြစ်ပါတယ်။ ရုပ်ရှင်ထုတ်လုပ်ရေး Warner Bros က သူ့ကို ဇာတ်ကားကနေ နှုတ်ထွက်ဖို့ တောင်းဆိုလာခဲ့တာပါ။

“Warner Bros က Fantastic Beasts မှာ Grindewald ဇာတ်ကောင်နေရာကနေ ကျွန်တော့်ကို နှုတ်ထွက်ဖို့် တောင်းဆိုခဲ့တယ်ဆိုတာကို ပရိသတ်တွေကို သိစေချင်ပါတယ်။ ဒီတောင်းဆိုမှုကို လေးစားပြီး သဘောတူခဲ့ပါတယ်” လို့ သူ့အင်စတာဂရမ်မှာ ဖော်ပြထားပါတယ်။ ဂျွန်နီဒက်ပ်က အမှုရှုံးနိမ့်ခဲ့ပေမဲ့ တရားရုံးရဲ့အမိန့်ချမှတ်မှုနဲ့ပတ်သက်ပြီး အသနားခံဖို့ စီစဉ်ထားကြောင်းလည်း အတည်ပြုပြောဆိုထားပါတယ်။

ဂျွန်နီဒက်ပ်ရဲ့ဇာတ်ကောင်နေရာအတွက် ၂၀၂၂ခုနှစ်မှာ ရုံတင်မပြသခင် ပြန်လည်ရွေးချယ်သွားမှာဖြစ်ပြီး ဒီဇာတ်ကားက ပရိသတ်အခိုင်အမာရရှိထားတဲ့အတွက် ၅ ကားမြောက်အထိ ရိုက်ကူးဖို့ ရည်ရွယ်ထားတယ်လို့ Warner Bros က ဂျွန်နီဒက်ပ် နှုတ်ထွက်တာနဲ့ပတ်သက်ပြီး ထုတ်ပြောခဲ့ပါတယ်။

၂၀၁၆ခုနှစ်ရဲ့ Fantastic Beasts and Where to Find Them မှာ ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့တဲ့ ဂျွန်နီဒက်ပ်ဟာ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Fantastic Beasts: The Crimes of Grindelwald မှာတော့ ထင်ရှားတဲ့နေရာမှာ ပါဝင်လာခဲ့ပါတယ်။ အဲဒီဇာတ်ကားတွေ စတင်ရိုက်ကူးကတည်းက ဇနီဟောင်း အမ်ဘာ ဟက်ဒ်ဆီက သူ့ကို ညှင်းပန်းနှိပ်စက်တယ်လို့ စွပ်စွဲပြောဆိုချက်တွေကြောင့် ဇာတ်ကားမှာ ဂျွန်နီဒက်ပ် ပါဝင်မှုက အငြင်းပွားစရာဖြစ်ခဲ့တာပါ။ အဲဒီအချိန်တုန်းက စာရေးဆရာမ J.K. Rowling နဲ့ Warner Brosတို့က ဒီကိစ္စဟာ ဂျွန်နီ ဒက်ပ်ရဲ့ ကိုယ်ရေးကိုယ်တာဖြစ်တဲ့အတွက် သူ့ဘက်ကနေ ခုခံပြောဆိုခဲ့ပြီး ဇာတ်ကားမှာ ပါဝင်စေခဲ့ပါတယ်။

ဂျွန်နီဒက်က သူ့ရဲ့ဇနီးဟောင်း အမ်ဘာဟက်ဒ်ကို ရိုက်နှက်နှိပ်စက်မှုကြောင့် ၂၀၁၆ခုနှစ်ကတည်းက တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။ဒီတရားစွဲဆိုမှုနဲ့ပတ်သက်ပြီး ပြောကြားခဲ့တဲ့အပြင် သူ့ကို အားပေးလာခဲ့တဲ့သူတွေကိုလည်း ကျေးဇူးတင်စကားဆိုထားပါတယ်။ “ကျွန်တော့်ကို အားပေးပံ့ပိုးပေးတဲ့၊ သစ္စာရှိပေးကြတဲ့လူတိုင်းကို ကျေးဇူးတင်ချင်ပါတယ်။ မင်းတို့ရဲ့ချစ်ခြင်းမေတ္တာနဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ရေးထားတဲ့စာတွေက ကျွန်တော့်ကို အားဖြစ်စေပါတယ်။ နောက်ဆုံးပြောချင်တာက တရားရုံးက ဘယ်လိုဘဲစစ်ဆေးစစ်ဆေး၊ အမှုနဲ့ပတ်သက်ပြီး အမှန်တရားတွေထွက်ဆိုမှာကိုတော့ ပြောင်းလဲနိုင်မှာမဟုတ်ပါဘူး။ ကျွန်တော် ကြံ့ကြံ့ခံပြီး ကျွန်တော်နဲ့ပတ်သက်ပြီး စွပ်စွဲပြောဆိုနေတာတွေက မှားတယ်ဆိုတာ သက်သေပြမှာပါ။ ဒီကိစ္စနဲ့ ကျွန်တော့ဘဝ၊ သက်မွေးဝမ်းကျောင်းတို့ကို အဓိပ္ပါယ်သတ်မှတ်ပစ်လိုက်လို့ရမှာမဟုတ်ဘူး” လို့ ဆိုပါတယ်။

ဂျွန်နီ ဒက်ပ်ပါဝင်ခဲ့တဲ့ Fantastic Beasts ပထမ ၂ ကားက ဝင်ငွေ ကန်ဒေါ်လာ ၁.၅ ဘီလျံတောင် ရရှိခဲ့တာပါ။

Ref: Chicagotribune “Johnny Depp forced to exit ‘Fantastic Beasts’ franchise”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top