နာဆာနဲ့ ပင်တဂွန်ရဲ့စနစ်ထဲကို အပျော်သဘော ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့ဖူးတဲ့ ဟက်ကာတစ်ဦးရဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်

2.6.2023-yyl-12.jpg

အမေရိကန်သမိုင်းမှာ ကွန်ပျူတာစနစ်ကို ချိုးဖောက်ဝင်ရောက်မှု(computer hacking) ကြောင့် ပြည်ထောင်စုတရားရုံးကနေ ပြစ်ဒဏ်ချမှတ်ခံရဖူးတဲ့ ဆယ်ကျော်သက်တွေထဲမှာ ဂျိုနသန်ဂျိမ်းစ်က ပထမဆုံးပဲ။ သူဟာ တကယ့်ကို ထူးချွန်လွန်းတဲ့ ဉာဏ်ကြီးရှင်လေး . . . ဒါပေမဲ့ သူ့ဘဝက ဝမ်းနည်းစရာ ဇာတ်သိမ်းခဲ့တယ်။

ဖလော်ရီဒါပြည်နယ်တောင်ပိုင်းက ပိုင်းခရက်စ်ရွာငယ်လေးမှာ သူ့ကို မွေးတယ်။ သူ့အဖေက ကွန်ပျူတာပရိုဂရမ်မာ၊ သူ့အမေကတော့ အိမ်ထောင်ရှင်မ။ ၆ နှစ်သားအရွယ်မှာတင် ဂျိမ်းစ်က ကွန်ပျူတာကို စိတ်ဝင်စားနေပြီ၊ သူ့အဖေရဲ့ကွန်ပျူတာကို ယူပြီး ဗီဒီယိုဂိမ်းတွေ ဆော့တယ်။ ကွန်ပျူတာချည်းပဲ သုံးနေတဲ့ ဂျိမ်းစ်ကို သူ့မိဘတွေက တားမြစ်တယ်၊ သူ မဖွင့်တတ်အောင် ကွန်ပျူတာကို Password ချိန်းထားတယ်၊ ဒါပေမဲ့ ဂျိမ်းစ်က သူ့နည်းသူ့ဟန်နဲ့ ဖွင့်သုံးနိုင်ခဲ့တယ်။

ဗီဒီယိုဂိမ်း ဆော့ရတာ ငြီးငွေ့လာတဲ့ ဂျိမ်းစ်က C programming language ကို စိတ်ဝင်စားလာတယ်။ တစ်ရက်တော့ သူ့အဖေ အိမ်ပြန်ရောက်လာချိန်မှာ မျက်လုံးပြူးသွားတယ်။ သူ့ကွန်ပျူတာ window က OS မဟုတ်တော့ဘဲ Linux OS ဖြစ်နေတာ တွေ့လိုက်လို့ပေါ့။ ဂျိမ်းစ်ရဲ့ လက်ချက်ပါပဲ။ ဘယ်လိုနေမလဲ စမ်းကြည့်တာပါ အဖေတဲ့။

ဆယ်ကျော်သက်ဘဝမှာ ဂျိမ်းစ်က အချိန်ရတိုင်း ကွန်ပျူတာရှေ့ ထိုင်နေတာချည်းပဲ။ ၁၃ နှစ်အရွယ် ရောက်လာချိန်မှာတော့ သူ့မိဘတွေက ဂျိမ်းစ်ရဲ့ ကွန်ပျူတာကို သိမ်းလိုက်တယ်။ ကွန်ပျူတာ သိမ်းခံရတော့ ဂျိမ်းစ်က အိမ်နေက ထွက်ပြေးတယ်၊ ကွန်ပျူတာ ပြန်မပေးမချင်း အိမ်ပြန်မလာဘူးလို့ ပြန်ခြိမ်းခြောက်တယ်။ ဂျိမ်းစ်က ကွန်ပျူတာရှေ့မှာပဲ အမြဲရှိနေပေမဲ့ ကျောင်းစာမှာလည်း တော်တယ်။ အမြဲလိုလို အမှတ်ကောင်းတယ် ( နောက်မှ ပြန်သိရတာက သူဟာ ကျောင်း network ထဲ ထိုးဖောက်ဝင်ရောက်ပြီး သူ့အမှတ်တွေကို ပြန်ပြင်ခဲ့တာပါ)။

အဲဒီအချိန်ကစပြီး ဂျိမ်းစ်က c0mrade ဆိုတဲ့ နာမည်ဝှက်သုံးနေပြီ။ သူက အွန်လိုင်းကနေ တခြားဟက်ကာတွေနဲ့ ဆက်သွယ်ပြီး hacking ကို အရင်ကထက် ပိုအားစိုက်လေ့လာခဲ့တယ်။ ၁၅ နှစ်သားအရွယ် ရောက်လာတော့ ပညာရေးကွန်ရက်ကိုပဲ hack ရတာ ငြီးငွေ့လာတဲ့ ဂျိမ်းစ်က ပိုကြီးတဲ့ပစ်မှတ်တွေကို စတင်ရှာဖွေပါတော့တယ်။ ၁၉၉၉ ခုနှစ် ဇွန်လ ၂၃ ရက်ကနေ အောက်တိုဘာလ ၂၇ ရက်ကြား ကွန်ရက်တွေအများကြီးထဲ ချိုးဖောက်ဝင်ရောက်ခဲ့တယ်။ သူ့ရဲ့ ပထမဆုံးပစ်မှတ်ကတော့ (အဲဒီအချိန်တုန်းက) အမေရိကန်နိုင်ငံရဲ့ အကြီးမားဆုံး ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ AT&T BellSouth ပါ။

ဂျိမ်းစ်က ကုမ္ပဏီရဲ့ ဆာဗာထဲ ချိုးဖောက်ဝင်ရောက်ခဲ့ပေမဲ့ ထိခိုက်ပျက်စီးအောင် မလုပ်ခဲ့ဘူး။ အကျိုးအမြတ်ရဖို့၊ အချက်အလက်တွေ ခိုးဖို့ သူ စိတ်ကူးမရှိဘူး။ သူ့ကိုယ်သူ ဘယ်လောက် လက်စောင်းထက်လာပြီလဲဆိုတာ စမ်းသပ်ချင်ရုံပါပဲ။ သူက ပျော့ကွက်ရှိတဲ့ ဆာဗာတွေကို လိုက်ရှာရင်း အလာဘားမားပြည်နယ်က ဆာဗာတစ်ခုကို သွားတွေ့တယ်။ malware ထည့်ပြီး သူ စနစ်ထဲ ဝင်တယ်၊ အဲဒီကွန်ရက်ထဲက နောက်ထပ် ကွန်ပျူတာ ၁၃ လုံးကို ဆက်ဖြန့်တယ်။ အဲဒီကွန်ရက်ထဲမှာ NASA ရဲ့ ယူနစ်တစ်ခုလည်း ပါနေတယ်။ Marshall Space Flight Center ပါပဲ။ အဲဒီစင်တာဟာ ဒုံးပျံအင်ဂျင်တွေ ဖန်တီး၊ စမ်းသပ်ရာ နေရာဖြစ်ပြီး နိုင်ငံတကာအာကာသစခန်း(ISS)ရဲ့ ဆက်သွယ်ရေးစနစ်တစ်ခုအဖြစ်လည်း အသုံးပြုလို့ နာဆာအတွက် အလွန်အရေးပါတဲ့ ယူနစ် ဖြစ်ပါတယ်။ ဂျိမ်းစ်က ISS အတွက် အဓိကထောက်ပံ့ပေးနေတဲ့ အရေးကြီးအစိတ်အပိုင်းတွေကို ထိန်းချုပ်ထားရာ ပရိုဂရမ်ထဲ ဝင်ရောက်ခဲ့တယ်။

နာဆာရဲ့ ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူတွေက သူတို့ network ဖောက်ထွင်းခံရပြီဆိုတာ သိသွားတော့ ဆာဗာကို ဖြုတ်ချလိုက်တယ်။ နာဆာက အက်ဖ်ဘီအိုင်ကို အကြောင်းကြားပြီး သူတို့ကို ဒုက္ခပေးသွားတဲ့ ဟက်ကာကို လိုက်ရှာခိုင်းတယ်။ တကယ်တော့ ဂျိမ်းစ်က ကျောင်းသားလေးပဲ ရှိသေးတယ်။ နေ့ပိုင်းဆို ကျောင်းတက်ပြီး ညဘက်ဆို အပျော်သဘော ဟက်ကာ လုပ်နေတာပါ။ သူဟာ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အဓိကဌာနခွဲတစ်ခုဖြစ်တဲ့ DTRA (ကာကွယ်ရေးဆိုင်ရာ ခြိမ်းခြောက်မှုများ လျှော့ချရေးအေဂျင်စီ)စနစ်ထဲကိုလည်း အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့တယ်။ ဒါဟာ ပင်တဂွန် ပြင်ပယူနစ်တစ်ခုရဲ့ အတွင်းပိုင်းစနစ်ထဲကို ပထမဆုံး ထိုးဖောက်ဝင်ရောက်နိုင်မှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဂျိမ်းစ်က အပျော်သဘောမျိုး လုပ်နေပေမဲ့ အမေရိကန်အစိုးရအတွက် ခေါင်းကျိန်းစရာ ဖြစ်ခဲ့တယ်။ ၂၀၀၀ ပြည့်နှစ် ဇန်နဝါရီလမှာတော့ ကာကွယ်ရေးဝန်ကြီးဌာနက အေးဂျင့်တွေက သူ့ကို ဖမ်းဆီးမိန့်ထုတ်ဖို့ ပြင်ဆင်ပါတော့တယ်။ ဇန်နဝါရီ ၂၆ ရက်မှာတော့ ကျည်ကာအင်္ကျီတွေ ဝင်ဆင်ပြီး သေနတ်ကိုင်ထားတဲ့ အေးဂျင့်တွေက ဂျိမ်းစ်ရဲ့ အိမ်ကို ဝင်စီးပြီး သူ့ကို ဖမ်းခေါ်သွားကြတယ်။ ကွန်ပျူတာ ၄ လုံး၊ လက်ပ်တော့တစ်လုံး၊ ဂဏန်းပေါင်းစက်အရွယ်အစား အိပ်ဆောင်ကွန်ပျူတာတစ်လုံးကို သိမ်းဆည်းသွားကြတယ်။

ဂျိမ်းစ်က စုံစမ်းစစ်ဆေးရေးမှူးတွေ မေးသမျှ တခွန်းမကျန် ဖြေပေးတယ်၊ သူ့အနေနဲ့ ဘယ်လို ဘယ်ပုံ ဖောက်ထွင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း ပြောပြတယ်။ သူက စနစ်ထဲကို ဗိုင်းရပ်စ်တွေ ထည့်တာ၊ ဖိုင်တွေ ဖျက်တာ၊ လျှို့ဝှက်ကုဒ်တွေ ချိန်းပစ်တာမျိုး မလုပ်ခဲ့သလို ထိခိုက်ပျက်စီးအောင်လည်း မလုပ်ခဲ့ဘူး။ စီရင်ချက်ချမယ့်နေ့မှာ သူ့အသက်က ၁၆ နှစ်ပဲ ရှိသေးတယ်။ တကယ်လို့ သူသာ အရွယ်ရောက်ပြီးသူဆိုရင်တော့ ဒါဟာ ထောင်ဒဏ် ၁၀ နှစ်အထက် ချမှတ်ခံရမှာဖြစ်ပေမဲ့ သူက ဆယ်ကျော်သက်ပဲ ရှိသေးလို့ နေအိမ်အကျယ်ချုပ် ၆ လ ကျခံဖို့၊ ကျောင်းစာ လေ့လာဖို့ကလွဲပြီး ဖျော်ဖြေရေးအတွက် ကွန်ပျူတာသုံးခွင့်မရှိဘူးလို့ တရားရုံးက အမိန့်ချမှတ်ခဲ့တယ်။ အမေရိကန်အစိုးရက သူတို့ရဲ့ ကွန်ပျူတာကွန်ရက်ရဲ့ လုံခြုံရေးကို သေသေချာချာ မစီမံခဲ့တာလို့ ဂျိမ်းစ်က စွပ်စွဲခဲ့တယ်။ အဲဒီအချိန်မှာ ဂျိမ်းစ်က နာမည်ကျော် ဖြစ်သွားပြီ။ မီဒီယာတွေကလည်း သူ့အကြောင်း အကျယ်တဝင့်ဖော်ပြကြတယ်။

နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ကာလမှာ ဂျိမ်းစ်က လမ်းပေါ်ထွက်တုန်း ရဲတွေက သူ့ကို ဖမ်းသွားတယ်။ ပိုဆိုးတာက သူ့ရဲ့သွေးထဲမှာ မူးယစ်ဆေးဝါး တစ်မျိုးမျိုး သုံးစွဲထားကြောင်း တွေ့ရှိခဲ့တာပါပဲ။ အဲဒီတော့ တရားရုံးက ပြစ်ဒဏ်ဟောင်းကို ပယ်ဖျက်ပြီး ထောင်ဒဏ် ၆ လကျခံစေလို့ အမိန့်ချခဲ့တယ်။ အလာဘားမားပြည်နယ်က လူငယ်ထိန်းသိမ်းရေးစခန်းမှာ သူ နေခဲ့ရတယ်။ ဂျိမ်းစ်က နာမည်ပိုကြီးလာတယ်။ ဒါပေမဲ့ ထိန်းသိမ်းရေးစခန်းကနေ ပြန်လွတ်လာတော့ သူက မီဒီယာတွေနဲ့ အတွေ့မခံတော့ဘူး။ သာမန်ဘဝလေးနဲ့ အေးအေးဆေးဆေးပဲ သူ နေချင်ပြီ။ ဒါပေမဲ့ သူ မျှော်မှန်းသလို မဖြစ်ခဲ့ပါဘူး။ ကြမ္မာဆိုးကြီးနဲ့ ကြုံတယ်။

၂၀၀၇ ခုနှစ် ဇန်နဝါရီလမှာ အမေရိကန် ထောက်လှမ်းရေးအဖွဲ့က အဲလ်ဘတ်ဂွန်ဇာလက်ဇ် ဦးဆောင်တဲ့ ဆိုက်ဘာဂိုဏ်းကို ခြေရာခံ ရှာဖွေကြတယ်။ သူတို့ဂိုဏ်းဟာ TJX၊ Boston Market၊ Dave & Buster’s၊ DSW OfficeMax အစရှိတဲ့ ကုမ္ပဏီကြီးတွေရဲ့ credit card စနစ်ကို ချိုးဖောက်ဝင်ရောက်ခဲ့ပြီး အသုံးပြုသူ သန်းပေါင်းများစွာရဲ့ အချက်အလက်တွေကို ခိုးယူကာ တရားမဝင် အသုံးပြုခဲ့သူတွေပါ။ အဲဒီဂိုဏ်းထဲမှာ ဂျိမ်းစ်ရဲ့ သူငယ်ချင်းတွေလည်း ပါနေတယ်လို့ ယူဆကြတယ်။ ဆိုက်ဘာရာဇဝတ် ကျူးလွန်ရာမှာ ပါဝင်ခဲ့ကြတဲ့ ဂွန်ဇာလက်ဇ်ရဲ့ အပေါင်းအပါတွေကို စစ်ဆေးချိန်မှာ သူတို့က ဂျိမ်းစ်ကို သိတယ်၊ hacking forum တွေမှာ သိတာလို့ ထွက်ဆိုကြတယ်။ ဒီထွက်ဆိုချက်ကြောင့် ထောက်လှမ်းရေးတွေက ဂျိမ်းစ်ကို သံသယရှိလာတယ်။ ဂွန်ဇာလက်ဇ်နဲ့ ပူးပေါင်းခဲ့တဲ့ ဟက်ကာတစ်ယောက်ကလည်း JJ ဆိုတဲ့ နာမည်ကို သုံးထားတယ်။ JJ ဆိုတာ ဂျိုနသန်ဂျိမ်းစ်ရဲ့ အတိုကောက်ဖြစ်မယ်ဆိုပြီး ထောက်လှမ်းရေးတွေက ဂျိမ်းစ်ရဲ့အိမ်ကို ရှာဖွေခွင့် ထုတ်တယ်။

၂၀၀၇ ခုနှစ် ဇန်နဝါရီလမှာ ထောက်လှမ်းရေးတွေက ဂျိမ်းစ်၊ သူ့အစ်ကိုနဲ့ သူ့ကောင်မလေးအိမ်တွေကို စီးနင်းရှာဖွေကြတယ်။ ဂျိမ်းစ်ရဲ့အိမ်မှာ သေနတ်တစ်လက်နဲ့ မှာတမ်းစာ (ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့တုန်းက ရေးထားတဲ့စာ) တစ်စောင် တွေ့တယ်။ credit card စနစ် ချိုးဖောက်မှုမှာ ဂျိမ်းစ် ပါဝင်ပတ်သက်နေတဲ့ သက်သေအထောက်အထား တစ်ခုမျှ မတွေ့ရဘူး။ ရိုင်ဖယ်သေနတ်ကလည်း တရားဝင် ဝယ်ထားတဲ့သေနတ်ဖြစ်နေတော့ သူတို့က ရှာဖွေမိန့်ကို ပြန်ရုပ်သိမ်းခဲ့ရတယ်။

အဲဒီဖြစ်ရပ်က ဂျိမ်းစ်ကို စိတ်ကျဝေဒနာ ပြင်းပြင်းထန်ထန် ခံစားရစေခဲ့တယ်။ သူဟာ စိုးရိမ်ပူပန်မှုတွေနဲ့ ရှင်သန်နေရတယ်။ ၂၀၀၈ ခုနှစ်၊ မေလ ၁၈ ရက်မှာတော့ ဂျိမ်းစ်ဟာ နေအိမ် ရေချိုးခန်းထဲမှာ သူ့ကိုယ်သူ ပစ်ခဲ့ပုံပေါ်တဲ့ သေနတ်ဒဏ်ရာနဲ့ လဲကျသေဆုံးနေတာ တွေ့ရပါတယ်။ အေးဂျင့်တွေ ဝင်ရောက်စီးနင်းချိန်မှာ တွေ့ခဲ့တဲ့ ရိုင်ဖယ်သေနတ်နဲ့ ပစ်ခဲ့တာပါ။ ဘေးမှာတော့ သူ့ရဲ့ Paypal အကောင့်၊ တခြားအကောင့် Password တွေ ရေးထားတဲ့ စာတစ်စောင် တွေ့ပါတယ်။

အဲဒီစာထဲမှာ ရေးထားတာကတော့ ” ကျွန်တော်တို့ရဲ့ တရားရေးစနစ်ကို အယုံအကြည် မရှိပါဘူး။ ဒီကနေ့ ကျွန်တော့်လုပ်ရပ်နဲ့ ဒီစာဟာ အများပြည်သူတွေအတွက် အရေးပါတဲ့အချက်ပေးမှု ဖြစ်လာပါလိမ့်မယ်။ ကျွန်တော် ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ ဖြေရှင်းစရာ ဒီတစ်နည်းပဲ ရှိတော့လို့ပါ။ ရိုးရိုးသားသား ပြောမယ်ဗျာ။ TJX ဖောက်ထွင်းမှုက ကျွန်တော်နဲ့ ဘာမှ မပတ်သက်ဘူး။ ခရစ်စကော့နဲ့ အဲဘတ်ဂွန်ဇာလက်ဇ်ဟာ အေးဂျင့်တွေ ဖမ်းမိသမျှထဲမှာ အန္တရာယ်အရှိဆုံး၊ ဖျက်လိုဖျက်စီးစိတ် အရှိဆုံးဟက်ကာတွေပါ။ ဒါပေမဲ့ အများအမြင်မှာ ဒီငတိနှစ်ကောင်ထက် ကျွန်တော့်ကိုပဲ အာရုံစိုက်နေကြတယ်။ ဘဝဆိုတာ ဒီလိုပါပဲ။ ကိုယ်မကျူးလွန်တဲ့ ပြစ်မှုအတွက် ထောင်ဒဏ် ၅ နှစ်ဖြစ်ဖြစ်၊ ၁၀ နှစ်၊ နှစ် ၂၀ ဖြစ်ဖြစ် ကျတယ်ဆိုရင် ဒီအမှုမှာ အနိုင်၊ အရှုံးဆိုတာ မရှိပါဘူး။ ကျွန်တော် ခံယူတဲ့ အနိုင်၊ အရှုံး သတ်မှတ်ချက်က အဲဒီအတိုင်းပါပဲ။ အဲဒီအစား ကျွန်တော် သေပါရစေ”။

ဂျိမ်းစ် သေဆုံးမှုနဲ့ပတ်သက်ပြီး နှစ်တော်တော်ကြာတဲ့အထိ ကောလာဟလမျိုးစုံ ထွက်ပေါ်ခဲ့ပါတယ်။ နာဆာနဲ့ ပင်တဂွန်ကို သူ ဖောက်ထွင်းဝင်ရောက်ခဲ့ချိန်မှာ ထိပ်တန်းလျှို့ဝှက်အချက်အလက်တွေ တွေ့ခဲ့လို့ အသတ်ခံရတာလို့လည်း ဆိုကြပါတယ်။ တရားဝင် စုံစမ်းစစ်ဆေးမှုကတော့ အဲဒီသတင်းတွေကို ငြင်းဆန်ခဲ့ပြီး ဂျိမ်းစ်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဂျိမ်းစ်နာရေးအတွက် Miami Herald သတင်းစာရဲ့ ဖော်ပြချက်မှာတော့ သူဟာ သူမတူအောင် ဉာဏ်ရည်ထက်မြက်တဲ့ လူငယ်တစ်ယောက်၊ ကွန်ပျူတာပါရမီရှင်တစ်ယောက်လို့ ရေးသားခဲ့ပါတယ်။ ဂျိမ်းစ်ဟာ လူ့ဘဝမှာ ၂၄ နှစ်ပဲ နေခဲ့ရပေမဲ့ ဟက်ကာလောကကတော့ သူ့ကို ထာဝရအမှတ်ရနေမှာ အသေအချာပါပဲ။

Ref: Jonathan James – The teenager who hacked NASA for fun

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top