ဗီယက်နမ်နိုင်ငံမှာ အစိုးရရဲ့မြေယာသိမ်းဆည်းမှုအတွက် ပြည်သူတွေ ဒေါသထွက်နေ

yyl-021-6.jpg

ဗီယက်နမ်အစိုးရအပေါ် ပြည်သူတွေ ဒေါသထွက်စေခဲ့တဲ့ စီးနင်းမှုမှာ အသက်ဆုံးရှုံးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၃ ယောက်ရဲ့ စျာပနအခမ်းအနားကို ဒီကနေ့ ကျင်းပမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဟနွိုင်းမြို့နားက ရွာတစ်ရွာမှာ လုံခြုံရေးလှုပ်ရှားမှု အကြီးအကျယ် ဆောင်ရွက်ခဲ့ချိန်အတွင်း ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့တာပါ။ စစ်တပ်က သူတို့ရဲ့မြေယာတွေကို သိမ်းပိုက်ပြီး လေဆိပ် တည်ဆောက်ဖို့ ကြိုးစားနေတာကို ရွာသားတွေက နှစ်အတော်ကြာ တွန်းလှန်ခဲ့ကြပါတယ်။ ဗီယက်နမ်နိုင်ငံမှာ မြေယာအငြင်းပွားမှု ပြဿနာတွေရှိပေမဲ့ အခုလို အခြေအနေအထိ တင်းမာခဲ့တာကတော့ ကြုံတောင့်ကြုံခဲပါပဲ။ အသက် ၈၄ နှစ်အရွယ်ရှိတဲ့ နာမည်ကျော် ဒေသခံခေါင်းဆောင် လီဒင်ကင် သေဆုံးခဲ့ရတဲ့ အကြောင်းရင်းကို ဖြေရှင်းချက် ထုတ်ပြန်ခြင်းမရှိသေးတာကလည်း ပြည်သူတွေကြား အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။

အဓိကရုဏ်းဖန်တီးသူတွေကြောင့် ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ရတာလို့ အစိုးရက ပြစ်တင်ဝေဖန်ခဲ့ပြီး ဗီယက်နမ်သမ္မတ ငုယင်ဖူထရွန်က သေဆုံးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စစ်ဘက်ဆိုင်ရာ ဂုဏ်ပြုဆုတွေ ချီးမြှင့်ခဲ့ပါတယ်။ အဲဒီစီးနင်းမှုမှာ ရဲတပ်ဖွဲ့ဝင်တွေက အင်အားသုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ဒေါင်တမ်ရွာနားမှာရှိတဲ့ မီယူမွန်ရွာမှာ စစ်တပ်က လေဆိပ်တည်ဆောက်ခဲ့တာပါ။ အဲဒီတည်ဆောက်မှုမှာ သူတို့ရဲ့မြေယာ ၁၂၄ ဧက သိမ်းပိုက်ခံခဲ့ရပြီး ဗီယက်နမ်စစ်တပ်ပိုင် ဆက်သွယ်ရေးကုမ္ပဏီ Viettel Group ထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကွန်မြူနစ်ဝါဒ ကျင့်သုံးတဲ့ ဗီယက်နမ်နိုင်ငံရဲ့ မြေယာအားလုံးကို နိုင်ငံတော်က ပိုင်ဆိုင်လို့ အစိုးရအနေနဲ့ သူတို့အလိုရှိတဲ့ မြေပေါ်မှာ စစ်ဘက်ဆိုင်ရာ၊ အရပ်ဘက်ဆိုင်ရာ စီမံကိန်းတွေ လုပ်ဆောင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အခုသိမ်းပိုက်ခံရတဲ့ မြေယာတွေပေါ်မှာ ဘိုးဘွားစဉ်ဆက် ထွန်ယက်စိုက်ပျိုးခဲ့ကြတာဖြစ်ပြီး အစိုးရက သူတို့ကို ထိုက်သင့်တဲ့လျှော်ကြေးပေးတာမျိုး မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top