အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ သစ်ဖောင်လေးနဲ့ ၁၃၃ ရက်ကြာ အသက်ရှင်ခဲ့သူ

12.7.23-yyl-1.jpg

တရုတ်နိုင်ငံသား ပွန်လင်းဟာ ဗြိတိန်ကုန်တင်သင်္ဘော SS Benlomond ပေါ်က သင်္ဘောသားတစ်ယောက်ပါ။ ၁၉၄၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်မှာတော့ ဂျာမန်ရေငုပ်သင်္ဘော U-172 က တော်ပီဒိုနှစ်လုံးနဲ့ ပစ်ခတ်ခဲ့လို့ ဗြိတိန်ကုန်တင်သင်္ဘော နစ်မြုပ်ခဲ့ပြီး ပွန်လင်းလည်း ရေထဲ ကျသွားခဲ့တာပါ။

သူဟာ ရေထဲမျောလာတဲ့ သစ်ချောင်းလေးကို ဖက်ထားရင်း ရေထဲမှာ ၂ နာရီကြာ နေခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ အသက်ကယ်လှေပုံစံ သစ်ဖောင်လေးတစ်လုံး တွေ့ခဲ့ပြီး သစ်ဖောင်ပေါ် တက်ခဲ့ပါတယ်။ သစ်ဖောင်ပေါ်မှာ ရေ ၄၅ လီတာ၊ ဘီစကစ် ၆ ဘူး၊ အသားဘူး ၁၀ ဘူး၊ နို့ဘူး ၅ ဘူး၊ ချောကလက် ၂ ပေါင်၊ သံပုရာရည်တစ်ဘူးနဲ့ လူးဆီတစ်ဘူး ပါပါတယ်။

အစပိုင်းမှာ ပွန်လင်းက ဖောင်ပေါ်မှ စားစရာတွေ စားသောက်ရှင်သန်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အစားအစာ ပြတ်လပ်လာလို့ ငါးဖမ်းပြီး ငါးခြောက်လှန်း၊ မိုးရေခံသောက်၊ ရေအရမ်းဆာရင် ငါးမန်း ဖမ်းပြီး ငါးမန်းသွေးသောက် စတဲ့ နည်းလမ်းတွေနဲ့ ရှင်သန်ခဲ့တာပါ။ သူ့ကို ကုန်တင်သင်္ဘောတွေက တွေ့ပေမဲ့ (အဲဒီအချိန်တုန်းက ဂျာမန်ရေငုပ်သင်္ဘောတွေက ဒုက္ခရောက်နေပုံရတဲ့ လူတစ်ယောက်နဲ့မျှားပြီး မဟာမိတ်သင်္ဘောတွေကို ပစ်ခတ်နစ်မြှုပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းကြောင့်) ကုန်တင်သင်္ဘောတွေက သူ့ကို မကယ်ကြပါဘူး။

အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့က ပွန်လင်းကို တွေ့ခဲ့ပေမဲ့ မုန်တိုင်းတိုက်ချိန်နဲ့ ကြုံနေလို့ သူ့ကို ကယ်တင်ခဲ့ခြင်း မရှိပါဘူး။ ၁၉၄၃ ခုနှစ် ဧပြီလမှာတော့ ဘရာဇီး ကမ်းလွန်ဘက် ရေမိုင် ၉ မိုင်အကွာမှာ ဘရာဇီးတံငါသည်တွေက သူ့ကိုတွေ့ပြီး ကယ်တင်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ပွန်လင်းက အားအင်ချိနဲ့နေပြီး တံငါသည်တွေက သူ့ကို သစ်ဖောင်ထဲကနေ ချီထုတ်ခဲ့ရတာပါ။

ပွန်လင်းဟာ SS Benlomond ကုန်တင်သင်္ဘောပေါ်မှာ တစ်ဦးတည်း အသက်ရှင်ကျန်ရစ်သူ ဖြစ်ပြီး ဗြိတိန်နိုင်ငံကို ပြန်ရောက်ချိန်မှာ ဂျော့ဘုရင် (၆)က သူ့ကို British Empire ဆုတံဆိပ် ချီးမြှင့်ခဲ့ပါတယ်။

Ref: Poon Lim

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top