(၆၁) ကြိမ်မြောက် အမျိုးသားတံခွန်စိုက် စက်ဘီးစီးပြိုင်ပွဲ နေပြည်တော် နှင့် မန္တလေးမြို့များတွင် ကျင်းပသွားမည်

Image-2_61st-National-Cycling-Championship_Credit-to-Myanmar-Cycling-Federation-1.jpg

ရန်ကုန်၊ မြန်မာ ၊ ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၂ရက် – ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန နှင့် မြန်ရွှေပြည် ထရက်တာလီမိတက် (MSP CAT) တို့၏ ကူညီထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံ စက်ဘီးအားကစား အဖွဲ့ချုပ် (MCF) မှ (၆၁) ကြိမ်မြောက် အမျိုးသားတံခွန်စိုက် စက်ဘီးစီးပြိုင်ပွဲအား ဒီဇင်ဘာ ၁၁ ရက် မှ ၁၆ ရက်နေ့ထိ နေပြည်တော် နှင့် မန္တလေးမြို့များတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ထုတ်ပြန်ကြေညာလိုက်ပါသည်။ ယခုစက်ဘီးစီးပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား (၇) မျိုးအထိပါဝင်မည်ဖြစ်ပြီး ပြည်တွင်းပြည်ပပြိုင်ပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြု လက်ရွေးစင်စက်ဘီးအားကစားသမားများ ပိုမိုလေ့ကျင့်မွေးထုတ်ပေးနိုင်ရန်နှင့် စက်ဘီးစီး အားကစား ပိုမိုတိုးတက်လာစေရန် ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံသားများအားလုံး ပါဝင်ဆင်နွှဲနိုင်ရန်ကျင်းပခြင်း ဖြစ်သည်။

(၆၁) ကြိမ်မြောက် အမျိုးသားတံခွန်စိုက် စက်ဘီးစီးပြိုင်ပွဲ တွင် ထူးခြားသော ပြိုင်ပွဲအနေဖြင့် မန္တလေး – ပြင်ဦးလွင် – မန္တလေး သွား/ပြန် တာဝေးစက်ဘီးစီးပြိုင်ပွဲအမျိုးအစားထည့်သွင်းထားပြီး နိုင်ငံတကာအဆင့်မှီ ဆောက်လုပ် နေသည့် မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ၊ နေကာတောင် မှ ပြိုင်ပွဲကွင်းရှိ လမ်းကြောင်းအချို့တွင် Downhill နှင့် Cross Country စက်ဘီးပြိုင်ပွဲအမျိုးအစားများအား ကျင်းပသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဥက္ကဌ နှင့် မြန်ရွှေပြည် လုပ်ငန်းစု (MSP CAT) ဥက္ကဌ ဖြစ်သူ ဦးခင်မောင်ဝင်းက “၂၀၂၁ခုနှစ်မှာ Asia Mountain Bike Championship ကို မြန်မာနိုင်ငံကနေပြီး ဖိတ်ခေါ်ကျင်းပသွားဖို့ ရှိပါတယ်။ အဲဒါကြောင့်လည်း ကျွန်တော်တို့ မန္တလေးတိုင်း အစိုးရအဖွဲ့ရဲ့ အားပေးကူညီမှုနဲ့အတူ နေကာတောင်မှာ Downhill နဲ့ Cross Country စက်ဘီးပြိုင်ပွဲအမျိုးအစားတွေကျင်းပနိုင်မယ့် ကွင်းတွေ ဖောက်လုပ်တည်ဆောက်နေသလို ဒီနှစ်ပြိုင်ပွဲကို အဲဒီက လမ်းကြောင်းတစ်ချို့မှာ ပထမဆုံး အနေနဲ့ ကျင်းပသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့ချုပ်အနေနဲ့ စက်ဘီးစီးအားကစားသမားတွေ လိုအပ်တဲ့ နိုင်ငံတကာအဆင့်မှီ နည်းပြတွေ၊ လေ့ကျင့်ရေးကွင်းတွေ နဲ့တခြားလိုအပ်ချက်တွေကို ထောက်ပံ့ပေးနိုင်ဖို့ ပြင်ဆင်နေပြီးတော့ ဒီလို ပြိုင်ပွဲတွေကျင်းပပြီး နိုင်ငံကိုယ်စားပြု ကစားသမားတွေ ပိုပြီးထွက်လာနိုင်အောင်ရည်ရွယ်ပြီး ကြိုးပမ်းအားထုတ် လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြည်နယ်တိုင်းအသီးသီးမှာ ရှိတဲ့ မိဘပြည်သူတွေကို လည်း ဒီပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြီး ဒါမှာ မဟုတ် လက်ခုပ်တီးအားပေး ဖို့ အတွက် ကျင်းပတဲ့ နေရာတွေ အထိ လာရောက်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။” ဟုပြောသည်။

မြန်မာနိုင်ငံ စက်ဘီးအားကစား အဖွဲ့ချုပ် (MCF) မှ အောက်ဖော်ပြပါ ပြိုင်ပွဲအမျိုးအစားများ အား ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။

BMX အမျိုးသားတံခွန်စိုက်ပြိုင်ပွဲ
တစ်ဦးခြင်း စံချိန်ပြုပြိုင်ပွဲ (Road Race) နှင့် ကွင်းပတ်စက်ဘီးစီး (Criterium) ပြိုင်ပွဲ
အသင်းလိုက် စံချိန်ပြုပြိုင်ပွဲ (Road Race)
တာဝေး စက်ဘီးပြိုင်ပွဲ
Downhill စက်ဘီးပြိုင်ပွဲ
Cross Country စက်ဘီးပြိုင်ပွဲ

ပြိုင်ပွဲအစီအစဉ်

Downhill စက်ဘီးပြိုင်ပွဲ – ခက်ခဲကြမ်းတမ်းပြီး စွန့်စား မှု ရှိစေရန် ဖောက်လုပ်တည်ဆောက်ထားသော လမ်းကြောင်းများရှိ သတ်မှတ်ထားသော ကုန်းဆင်းများမှ အရှိန်ဖြင့် စီးနင်းယှဉ်ပြိုင်ရသော အမျိုးအစားဖြစ်သည်။ ထို့ ကြောင့် Dowhill ပြိုင်ပွဲများသည် စက်ဘီးစီးသူများ ခုန်ပျံ၊ ကျော်လွှား အပြင်းအထန်အရှိန်အဟုန်ဖြင့် စီးနင်းရသောကြောင့် အလွန်စိတ်လှုပ်ရှားစွာဖြင့် အားပေးကြည့်ရှုရသော ပွဲများသည်။ ပြိုင်ပွဲလမ်းကြောင်းရှိ သဲ ၊ ဖုန် နှင့် ကျောက်ခဲများ လွှင့်စင်မှု ကို ကာကွယ်ရန် နှင့် မတော်တဆ ထိခိုင်မှု မှ ကာကွယ်ရန် မျက်နှာတစ်ခုလုံးကာကွယ်ပေးသော ခေါင်းဆောင်းများ အပြင် ရင်ဘတ် နှင့် ကျော ကာများ တတ်ဆင်ကာ ယှဉ်ပြိုင်ရ ပါသည်။

Cross Country စက်ဘီးပြိုင်ပွဲ – တောင်တန်းများ ပေါ်တွင် စီးနင်းရသောစက်ဘီး ပြိုင်ပွဲများ အနက် Cross Country ပြိုင်ပွဲ သည် လူသိများ ပြီး အိုလံပစ်တွင်ယှဉ်ပြိုင် ရသော အသိအမှတ်ပြုပြိုင်ပွဲ အမျိုးအစားဖြစ်သည်။ စက်ဘီးစီး အားကစားသမား၏ ခံနိုင်ရည် ကို အဓိကထား ယှဉ်ပြိုင်ရသော ပြိုင်ပွဲအမျိုးစားဖြစ်ပြီး ပြိုင်ပွဲလမ်းကြောင်းတစ်လျှောက် အမျိုးမျိုးသော လမ်းအခြေအနေကို ဖြတ်သန်း မောင်းနှင်ရမည်ဖြစ်သဖြင့် လိုအပ်သည့် ကျွမ်းကျင်မှုများ ကိုယ်ကာယလေ့ကျင့်မှုများ အတွက် အထူး လေ့ကျင့်ထားရမည်ဖြစ်သည်။

မန္တလေး – ပြင်ဦးလွင် – မန္တလေး သွား/ပြန် တာဝေးစက်ဘီးစီးပတ်လမ်းပြမြေပုံ

ပြိုင်ပွဲဝင်စည်းကမ်းများ နှင့် ဆုကြေးငွေ

အသင်းတစ်သင်းတွင် အနည်းဆုံး (၄)ဦး၊ အများဆုံး (၆)ဦးဖြင့် ဖွဲ့စည်းနိုင်သည်။ ကွင်းတွင်းကျင်းပမည့် တစ်ဦးချင်းစံချိန်ပြုပြိုင်ပွဲ နှင့် Criterium ပြိုင်ပွဲများတွင် အသင်းတစ်သင်းလျှင် (၂) ဦးသာယှဉ်ပြိုင်နိုင်သည်။ အမျိုးသမီး Criterium ပြိုင်ပွဲအတွက် တစ်ဦးချင်းဆုတံဆိပ်သာချီးမြှင့်မည်ဖြစ်သည်။ အသင်းလိုက် စံချိန်ပြုပြိုင်ပွဲတွင် အနည်းဆုံး (၃)ဦး၊ အများ ဆုံး (၄)ဦး ယှဉ်ပြိုင်နိုင်ပြီး တတိယပန်းဝင်သည့် ကစားသမား၏စံချိန်ကိုယူမည်။ တာဝေးပြိုင်ပွဲတွင် (၆)ဦးအထိယှဉ်ပြိုင်နိုင်သည်။ တံခွန်စိုက်အမှတ်အတွက် ၇၊ ၅၊ ၄၊ ၃၊ ၂၊ ၁ ဖြင့် (၆)ဦးပေးမည်ဖြစ်ပြီး အမှတ်တူပါက ဆုတံဆိပ်ရရှိမှုဖြင့် တံခွန်စိုက်ဆုချီးမြှင့်မည်။ ပြိုင်ပွဲကို UCI စည်းမျဉ်းအတိုင်းကျင်းပမည်ဖြစ်ပြီး စည်းကမ်းသတ်မှတ်ချက်တွင် မပါဝင်သော ကိစ္စများ ပေါ်ပေါက်လာပါက ပြိုင်ပွဲကျင်းပရေး ကော်မတီ၏ အဆုံးအဖြတ်သည်အတည်ဖြစ်သည်။

(၆၁) ကြိမ်မြောက် အမျိုးသားတံခွန်စိုက် စက်ဘီးစီးပြိုင်ပွဲအကြောင်းထပ်မံ သိရှိလိုပါက မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် ဖုန်းနံပါတ် ၀၉၂၅၀၂၀၅၆၅၁ သို့မဟုတ် ၀၉၅၀၀၇၆၂၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်အကြောင်း
မြန်မာနိုင်ငံစက်ဘီးစီးအဖွဲ့ချုပ်ကို ၁၉၄၆ခုနှစ် တွင်စတင်တည်ထောင်ခဲ့ပြီး နိုင်ငံတကာစက်ဘီးအဖွဲ့ချုပ်၏ အဖွဲ့ဝင်အဖြစ် ၁၉၄၇ခုနှစ် မေလ ၁ ရက်နေ့တွင်စတင်အသိအမှတ်ပြု လက်ခံခဲ့ပါသည်။ မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ တရားဝင်ထောက်ခံချက်ရရှိထားသော အဖွဲ့ချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် မြို့ပတ်စီးနင်းခြင်း၊ တောင်တက်လမ်း စီးနင်းခြင်း၊ BMX နှင့် တောင်အဆင်းလမ်းကြမ်း စီးနင်းခြင်း စသည့်စက်ဘီး အားကစားအမျိုးမျိုး ကို ကဏ္ဍစုံ တိုးတက်ဖွံ့ဖြိုးလာစေရန် စီမံဆောင်ရွက်လျက်ရှိပါသည်။ အသေးစိတ်သိရှိလိုပါက www.mcf.com.mm နှင့် www.facebook/mcf.com.mm စာမျက်နှာများတွင် ဝင်ရောက်လေ့လာဖတ်ရှု့နိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top