သခင်မပါဘဲတစ်ကောင်တည်း ဘတ်စ်ကားစီးပြီးပန်းခြံကိုသွားတတ်လို့ နာမည်ကြီးနေတဲ့ ခွေးလေး

18-1-2021-yyl-12.jpg

အက်ကလစ် (Eclipse) ဆိုတဲ့ အနက်ရောင်ခွေးလေးတစ်ကောင်က မနက်တိုင်း သခင်မပါဘဲ တစ်ကောင်တည်း အိမ်ကနေထွက်သွားလေ့ရှိပါတယ်။ သူ ဘယ်ကို သွားတာလဲဆိုရင် ဆီအက်တယ်မြို့လယ်ခေါင်မှာ တည်ရှိတဲ့ ပန်းခြံတစ်ခုကိုပါ။ ပန်းခြံလာတဲ့သူတွေကတောင် သူ့ကို သိနေကြတဲ့အပြင် နာမည်လည်းကြီးပါတယ်။ သူ့ကို “Independent Woman” လို့ ခေါ်ကြပါသေးတယ်။

အက်ကလစ်က အဲဒီပန်းခြံကို သခင်မပါဘဲ တစ်ကောင်တည်း ဘတ်စ်ကားနဲ့ သွားတာပါ။ သူဟာ နေ့တိုင်း သူ့အိမ်အနီးနားက ဘတ်စ်ကားမှတ်တိုင်မှာ စိတ်ရှည်စွာ စောင့်ဆိုင်းပြီး စီးတာပါသေးတယ်။ ဘတ်စ်ကားရောက်လာတဲ့အချိန် ဘတ်စ်ကားပေါ်တက်တော့ သူ့ကို ကားပေါ်ကလူတွေကတောင် နှုတ်ဆက်ကြပါတယ်။ ဘတ်စ်ကားစီးတဲ့သူတွေကတောင် သူ့ကို သိနေကြပါပြီ။ သခင်မပါဘဲ တစ်ကောင်တည်း ဘတ်စ်ကားစီးပြီး ပန်းခြံသွားတတ်တဲ့ သူ့ရဲ့အပြုအမူကြောင့် လူမှုကွန်ယက်အသုံးပြုသူတွေက စိတ်ဝင်စားနေရတာဖြစ်ပါတယ်။

အက်ကလစ်မှာ Eclipse Seattle’s Bus Riding Dog ဆိုတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ရှိပါတယ်။ အဲဒီပေ့ချ်မှာ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ယောက်ကဆိုရင် “အက်ကလစ်က မြို့လယ်ခေါင်က ပန်းခြံကို ဘတ်စ်ကားစီးပြီးသွားတယ်။ အဲဒီမှာ (၂) နာရီလောက် ပန်းခြံထဲ လမ်းပတ်လျှောက်နေတယ်။ သူငယ်ချင်းတွေတောင် ရနေတာ။ ပြီးရင် သူ့အိမ်ကို ပြန်ဖို့ ဘတ်စ်ကားစီးသွားတယ်။ သူ့ရဲ့လည်ပတ်မှာ တွဲချိတ်ထားတဲ့ ကားစီးနှင်ခွင့်ကတ်လည်းရှိပါတယ်။

အက်ကလစ်ဟာ ၂၀၁၅ခုနှစ်ကတည်းကစပြီး ဘတ်စ်ကားစီးကာ ပန်းခြံသွားဖြစ်ခဲ့တာပါ။ ၂၀၁၅ခုနှစ်ရဲ့တစ်နေ့မှာ အက်ကလစ်ရဲ့သခင် ဂျက်ဖ် ယန်း (Jeff Young) က ပန်းခြံမှာ အချိန်အကြာကြီး ဆေးလိပ်သောက်နေတဲ့အတွက် အက်ကလစ်က စောင့်ရတာစိတ်မရှည်တော့ဘဲ သူ့ကို ထားခဲ့ပြီး ဘတ်စ်ကားပေါ်ခုန်တက်ကာ အိမ်ပြန်သွားခဲ့တာပါ။ ဂျက်ဖ်လည်း သိသိချင်းပဲ နောက်ဘတ်စ်ကားတစ်စီးနဲ့ လိုက်လာခဲ့ပါတယ်။ အိမ်ရောက်တော့ အက်ကလစ်ကို တွေ့ခဲ့ရတာပါပဲ။ အဲဒီကစပြီး သခင်မပါဘဲ တစ်ကောင်တည်း ပန်းခြံသွားတာ စတင်ခဲ့တော့တာပါပဲ။

ဂျက်ဖ် ယန်းက တစ်ပတ်ကို တစ်ခါလောက်တော့ အက်ကလစ်ကို ဘယ်နေရာမှာတွေ့တယ်ဆိုတဲ့ ဖုန်းလက်ခံရရှိပါတယ်။ ဂျက်ဖ်က သူတို့ကို “အက်ကလစ် အဆင်ပြေတယ်။ သူ အဲဒီလိုသွားနေကျ၊ သူ လုပ်ရမယ့်အရာကို သိတယ်”လို့ ပြောပြရပါတယ်။ လွန်ခဲ့တဲ့ (၅) နှစ်ကတည်းကစပြီးအခုအထိ အက်ကလစ်က သူနဲ့ ဘတ်စ်ကားစီးတဲ့သူတွေ၊ ပန်းခြံမှာတွေ့တဲ့သူတွေကို ပျော်ရွှင်မှုတွေ ပေးနေပါတယ်။

Ref: This Dog Takes the Bus by Herself to Walk Around at the Park
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top