အားလုံးမျှော်လင့်တစားနဲ့ စောင့်ကြည့်ခဲ့ကြတဲ့ Game of Thrones ကတော့အဆုံးသတ်သွားပါပြီ။ တမှတ်ရရနဲ့ သတိရတမ်းတနေသေးတဲ့သူတွေရှိသလို မျှော်လင့်ချက်တွေအားလုံး ရိုက်ချိုးခံရသလိုခံစားရလို့ စိတ်ပျက်နေတဲ့ပရိသတ်တွေလည်း မနည်းပါဘူး။ ပြောရရင်တော့ Game of Thrones Season (8) က အငြင်းပွားဖွယ်ရာကောင်းလောက်အောင် ကြိုက်သူ မကြိုက်သူကွဲပြားလှပါတယ်။ နိုင်ငံတကာကဝေဖန်ရေးဆိုဒ်တွေမှာလည်း မျက်နှာပန်းမလှခဲ့ပါဘူး။ အဆိုးရွားဆုံး Season ဖြစ်တယ်လို့လည်း မှတ်ချက်ပေးတာတွေခံရပါတယ်။ ဒါဆို ဘာတွေကြောင့် ဒီလိုအထိဖြစ်သွားလည်း ပြန်ကြည့်ရအောင်ပါ။
GOT ကို ပရိသတ်တွေတစိုက်မတ်မတ်ရူးသွပ်ပြီးကြည့်ခဲ့ကြတာဟာ ဇာတ်ကောင်တွေတစ်ဦးချင်းစီရဲ့ ရည်မှန်းချက်တွေ၊ လိုအင်တွေအပေါ်လိုက်ပြီးလုပ်ဆောင်မှုတွေနဲ့ ဇာတ်လမ်းက ခန့်မှန်းလို့မရအောင် ပြောင်းလဲနေလို့ပါ။ အဓိကဇာတ်ဆောင်မင်းသား၊ မင်းသမီးရယ်လို့ ခွဲပြောလို့မရတဲ့အထိဖြစ်အောင် ဇာတ်ကောင်တစ်ဦးချင်းက အင်အားကြီးပါတယ်။ အားပြိုင်မှုတွေကောင်းတယ်။ တခြားစီးရီးတွေလို အဓိကဇာတ်ကောင်မင်းသားတစ်ယောက်၊ နှစ်ယောက်ကိုကြိုက်လို့ ပရိသတ်ဖြစ်လာတဲ့သူရယ်လို့တော့ ရှားမှာပါ။
အားလုံးသိတဲ့အတိုင်း Game of Thrones ဆိုတာ စာရေးဆရာ George.R.R.Martin ရဲ့ A song of ice and fire ကို အခြေခံပြီးရိုက်ထားတာပါ။ Martin က စာအုပ်ကို အပြီးထိမရေးရသေးပါဘူး။ ဒါကြောင့် Season (7) လောက်ကစပြီး ဇာတ်ညွှန်းဆရာတွေရဲ့ စိတ်ကူး စိတ်သန်းတွေဖြစ်လာပါတယ်။ အခု Season မှာတော့ အစအဆုံး သူတို့ခြေသူတို့လက်ဖြစ်သွားတာပါ။ အဲဒီမှာတင် အရင်က လူတိုင်းစွဲလမ်းခဲ့ရတဲ့ GOT နဲ့ ဇာတ်လမ်းဆင်ပုံချင်း ကွာခြားသွားတယ်လို့ယူဆရပါတယ်။
Season (1) ကနေ (6) အထိ GOT ဟာ Stimulation Game တစ်ခုနဲ့တူပါတယ်။ ဇာတ်ကောင်တွေကို ကိုယ်ပိုင်စရိုက်ဗီဇတွေထည့်ပေးလိုက်ပြီးတော့ ဂိမ်းထဲထည့်လိုက်တယ်။ ပြောင်းလဲလာတဲ့အခြေအနေတွေကို မူတည်ပြီးတော့ ဇာတ်ကောင်တွေက သူတို့စရိုက်၊ စိတ်နေသဘောအထားအတိုင်း ဆုံးဖြတ်သွားတယ်။ ဇာတ်ကောင်တစ်ယောက်နဲ့ တခြားတစ်ယောက် ထိပ်တိုက်တွေ့တဲ့အခါမျိုးမှာလည်း ပိုလည်တဲ့သူနိုင်သွားတယ်။ ဒီလိုမျိုးဇာတ်ကောင်တွေရဲ့အားကို အခြေခံပြီးရေးထားတဲ့အတွက် အပြင်လက်တွေ့ဘဝနဲ့လည်း ပိုပြီးနီးစပ်ပါတယ်။ ခန့်မှန်းလို့လည်းမရပါဘူး။ စာရေးဆရာကိုယ်တိုင်က ဇာတ်ကောင်တွေခိုင်းတာကို လိုက်လုပ်နေရတဲ့သဘောပါ။ စာရေးဆရာက ဇာတ်ကောင်တွေသွားနေတဲ့လမ်းက အရမ်းလမ်းလွဲသွားပြီလို့ထင်မှသာ ဝင်ပြီးထိန်းကွပ်ပေးတဲ့သဘောရယ်၊ ပြင်ပကနေပြီး အခက်အခဲတွေ တစ်မျိုးပြီးတစ်မျိုး ထည့်ပေးနေတဲ့သဘောရယ်ပါ။ ဒါကြောင့်လည်း အဆုံးသတ်ပန်းတိုင်ကို စာရေးဆရာက ကြိုတင်သတ်မှတ်ထားလို့ရပေမဲ့ သွားနေတဲ့လမ်းကတော့ ဇာတ်ကောင်တွေ ကိုယ်တိုင်ဖောက်ပြီးသွားနေတဲ့ပုံစံဖြစ်နေပါတယ်။ ဘာမှ အတင်းအကျပ်လုပ်ယူထားတယ်လို့ ခံစားရတယ်မရှိခဲ့ပါဘူး။
Season (8) ဇာတ်ညွှန်းရေးပုံကတော့ အဆုံးသတ်ကို ကြိုတင်သတ်မှတ်ပြီးသားပါ။ အဲဒါကိုမှ အဲဒီအဆုံးသတ်ကို ဘယ်လိုသွားရမယ်ဆိုတာကိုလည်း ကြိုတင်သတ်မှတ်လိုက်ကြပါတယ်။ မြင်အောင်ပြောရရင်တော့ သူတို့ရဲ့ဇာတ်လမ်းရေးပုံက ရုပ်သေးဆရာတွေ ကြိုးကိုင်ပုံမျိုးပါပဲ။ ရုပ်သေးဆရာက ဇာတ်ကောင်တွေကို လွတ်လပ်စွာလှုပ်ရှားခွင့်မပေးထားပဲ သူသတ်မှတ်ထားတဲ့ဘောင်အတွင်းမှာပဲ ရွေ့လျားခိုင်းပါတယ်။ ဇာတ်ကောင်ရဲ့ စိတ်ဓာတ်၊ ရည်ရွယ်ချက်က ဘယ်လိုပဲရှိနေပါစေ ဇာတ်လမ်းလိုအပ်ချက်အရ လူသတ်ဆိုရင်သတ်ရပါတယ်။ သေဆိုရင်သေရပါတယ်။ ဒါကြောင့် တစ်ခါတစ်ရံမှာ ဇာတ်ကောင်တွေရဲ့လုပ်ရပ်က သဘာဝမကျပဲ အတင်းလုပ်ယူထားသလို ခံစားရတာပါ။
ဒါက ဇာတ်လမ်းရေးသားပုံချင်းကွာတာကိုပြောတာပါ။ ဇာတ်လမ်းရဲ့ကောင်းကွက်ဆိုးကွက်တွေကို ပြန်ပြောရမယ်ဆိုရင်….ကောင်းတာတွေလည်း ရွေးထုတ်ရရင်တော့ မနည်းပါဘူး။ သရုပ်ဆောင်တွေ၊ CGI တွေ၊ Cinematography တွေ အကုန်ကောင်းပါတယ်။ Battle of Winterfell မှာတောင် မှောင်လွန်းတယ်လို့ ဝေဖန်ခံရတာတွေရှိပေမယ့် Brightness တင်ကြည့်မယ် ရုပ်ရှင်ရုံမှာကြည့်သလို ကြည့်မယ်ဆိုရင် တော်တော်လှတဲ့ Shots တွေကိုမြင်ရမှာပါ။ နောက်ပိုင်း episode တွေမှာလည်း The Bells, The Iron Throne တို့မှာလည်း အရမ်းမိုက်ပါတယ်။ ဒီအတွက်တော့ Cinematographer ဖြစ်တဲ့ Fabian Wagner ကို ချီးကျူးရမှာပါ။ Fabian အနေနဲ့ကတော့ Justice League မှာအခွင့်အရေးရပြီးမှ Joss Whedon လက်ချက်နဲ့ ဘာမှလက်စွမ်းမပြလိုက်ရသမျှ GOT မှာပြန်ပြီးတော့ အစွမ်းပြခွင့်ရခဲ့တာဖြစ်ပါလိမ့်မယ်။ သရုပ်ဆောင်ပိုင်းမှာလည်း Lena Headey, Peter Dinklage တို့လို ဝါရင့်တွေနဲ့ ဘာမှ အမှားအယွင်းမရှိပါဘူး။ ပြောစရာဆိုလို့ ယူရွန်ဂရေးဂျွိုင်းအဖြစ် သရုပ်ဆောင်တဲ့ Pilou Asbæk ရဲ့ Psychopath မဖြစ်ဖြစ်အောင် အတင်းပြုံးပြ ရယ်ပြလုပ်နေတာပဲရှိပါလိမ့်မယ်။
အကြီးမားဆုံးအနာအဆာကတော့ ဇာတ်လမ်းပိုင်းပါ။ အထူးသဖြင့် အားလုံး တောက်လျှောက်မျှော်လင့်လာတဲ့ အကြောင်းအရာနှစ်ခုဖြစ်တဲ့ Night King နဲ့ Jon ဟာ တာဂေးရီးယန်းဖြစ်တယ်ဆိုတဲ့ နှစ်ခုလုံးဟာ လွယ်လွယ်နဲ့ ပျောက်သွားခဲ့ပါတယ်။ Night King ကို ဂျွန် မဟုတ်ပဲ အာယာသတ်တာ သိပ်ပြီးကိစ္စမရှိပေမဲ့ သတ်လိုက်ပုံက တော်တော်ကြီး လွယ်နေတာတွေ့ရပါတယ်။ White Walkers တွေဆိုတာလည်း လမ်းလျှောက် လိုက်လာရုံကလွဲပြီးတော့ ဘာမှအသုံးမဝင်တော့တာလည်း တော်တော် ဆိုးဝါးသွားပါတယ်။ ဂျွန်ဟာ တာဂေးရီးယန်းဖြစ်တယ်ဆိုတဲ့ကိစ္စဟာလည်း ဘာမှကိစ္စကြီးမဟုတ်လိုက်ပဲ ဒနဲရိစ်ကို Mad Queen ဖြစ်ဖို့တွန်းအားပေးတဲ့အချက်လိုသာဖြစ်နေပါတယ်။ ဇာတ်ကောင်တွေဆိုရင်လည်း တစ်လျှောက်လုံး ပလ္လင်လုပွဲကို အဓိကကစားလာတဲ့ Tyrion တို့ Varys တို့ဆိုတာ ဘာအစွမ်းအစမှမရှိတော့တဲ့လူလို ဖြစ်နေခဲ့ပါတယ်။
Varys ရဲ့ သတင်းစုဆောင်းမှု အရည်အချင်းကိုလည်း ဘာမှအသုံးပြုသွားခြင်းမရှိသလို ပုန်ကန်ဖို့အကြောင်းအရာကိုလည်း ဂျွန် ရောက်ရောက်လာချင်း ကမ်းစပ်ကြီးမှာ အတင်းသွားတိုက်တွန်းတဲ့ပုံကလည်း တကယ်ကို သတိထားတတ်တဲ့ Varys မဆန်လှပါဘူး။ တိုင်ရီယွန်ဆိုရင်လည်း ဆန်ဆာတို့ ဒနဲရိစ်တို့လို ကလေးတွေရဲ့ဉာဏ်များမှုကြားထဲမှာ အရုပ်လိုဖြစ်နေရတာက တော်တော်ဆိုးပါတယ်။ ဒါ့အပြင် အကောင်းဆုံး Character Development ရထားတဲ့ ဂျေမီအတွက်တော့ ဇာတ်သိမ်းပုံက ဘယ်လိုမှကျေနပ်စရာမရှိပြန်ဘူး။ လူအများအတွက် တိုက်ပွဲဝင်ဖို့ ဆာစီကိုပစ်ပြီးထွက်လာတဲ့ ဂျေမီ၊ King’s Landing တစ်ခုလုံးကို မီးရှို့မယ်လုပ်လို့ ဘုရင်ကိုတောင် သတ်လိုက်တဲ့ ဂျေမီက နောက်ဆုံးကျမှ လူတွေအတွက် ဘာမှဂရုမစိုက်ဘူးဆိုတာက နဂို Season (1) က ဂျေမီပုံစံပဲပြန်ဖြစ်သွားပြီး ရှေ့ကတည်ခဲ့သမျှကို ဖျက်ဆီးပစ်လိုက်သလိုပါ။
အဆိုးဆုံးကတော့ ယူရွန်ဂရေးဂျွိုင်းပါ။ GOT စီးရီးတစ်ခုလုံးမှာ အညံ့ဆုံးရေးထားတဲ့ ဇာတ်ကောင်တစ်ကောင်လို့တောင် ပြောလို့ရပါတယ်။ စာအုပ်ထဲမှာ အရမ်းကြမ်းတဲ့ဇာတ်ကောင်တစ်ကောင်ဖြစ်ခဲ့ပေမဲ့ စီးရီးထဲမှာတော့ဘာမှမတူပါဘူး။ သူ့ရဲ့ရည်ရွယ်ချက်က ဘာဆိုတာလည်းမသဲကွဲပါဘူး။ ဘုရင်ဖြစ်ချင်တာလား ဆာစီကိုလိုချင်တာလား ဘာမှမရှင်းလင်းနေတဲ့အပြင် မနိုင်ရင်ထွက်ပြေးမယ်လို့ ယာရာကိုပြောခဲ့ပြီး
တကယ်တမ်းရှုံးနေတဲ့အချိန်ကြတော့ မပြေးဘဲ ဂျေမီကို သူ့ကိုလာသတ်ဖို့ စိန်ခေါ်နေပါတယ်။ ပိုဆိုးတာက လက်တစ်ဖက်ပြတ်ဂျေမီကို Sand Snakes သုံးယောက်ကို တစ်ယောက်တည်းချလာတဲ့ ယူရွန်ဂရေးဂျွိုင်းကမနိုင်ဘဲ ဓားထိုးသတ်ခံလိုက်ရတာပါပဲ။ ဒီလိုပဲ အမြဲစကားတည်ပြီး အောင်ပွဲရအောင်ယူပေးတယ်ဆို နာမည်ကြီးတဲ့ Golden Company ဟာလည်း တခဏအတွင်း ပျောက်ကွယ်သွားပြန်ပါတယ်။
ကျန်တဲ့နေရာတွေမှာလည်း ဇာတ်လမ်းကို လိုတာထက်ပိုပြီးတော့ အရှိန်တင် ပြထားတဲ့အတွက်ကြောင့် ခံစားသင့်သလောက် မခံစားရပါဘူး။ အထူးသဖြင့် ဒနဲရိစ် Mad queen ဖြစ်တဲ့ Arc ဟာ တစ်ပိုင်းခွဲထက်တော့ ပိုကြာသင့်တာ အမှန်ပါ။ GoT ရဲ့မူရင်းဖန်တီးရှင် George.R.R.Martin ရဲ့စကားအတိုင်းပြောရရင်တော့ “မျှော်လင့်မထားတာတွေ ပရိတ်သတ်တွေကို အံ့သြတုန်လှုပ်သွားအောင်လုပ်ရတာတွေက လွယ်ကူပါတယ်၊ ဒါပေမဲ့ အဲဒီဖြစ်ရပ်တွေဟာ ဇာတ်ကောင်တွေဆီက သဘာဝကျကျထွက်ပေါ်လာတာဖြစ်ရပါမယ်။ အခြေအနေအရ ဖြစ်ပေါ်လာတာဖြစ်ရပါမယ်။ ဒီလိုမှမဟုတ်ရင်တော့ အံ့သြစရာကောင်းအောင်လုပ်ယူနေတဲ့အတွက် အံ့သြရသလိုပဲ ဖြစ်နေပါလိမ့်မယ်”
အချုပ်ပြောရရင်တော့ GOT Season (8) ဟာ ဘက်ဂျက်တွေသုံးထားတာနဲ့အမျှ အရမ်းခမ်းနားတဲ့စီးရီးတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီလောက်ကောင်းတဲ့ Setting တွေ CGI တွေကို တီဗီအဆင့်မှာ ထပ်ပြီးကြည့်ရဖို့မသေချာပါဘူး။ ဒါပေမဲ့ ဇာတ်လမ်းပိုင်းမသေသပ်မှုတွေကြောင့် အဆုံးထိ အကောင်းဆုံးစီးရီးဖြစ်တယ်လို့ ကြွေးကြော်ခွင့်ကို လက်လွှတ်ခဲ့ရတာတော့ စိတ်မကောင်းစရာပါပဲ။
Nyi Min Han (ရိုးရာလေး)