ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့

24-6-2020-yyl-025.jpg

ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်တစ်ရက် ဖြစ်ပါတယ်။ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ကို ဘဒ္ဒကမ္ဘာမှာ လေးဆူမြောက်ဖြစ်တဲ့ ဂေါတမအမည်နဲ့ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မယ် လို့ ဒီပင်္ကရာ မြတ်စွာဘုရားက နိယတ ဗျာဒိတ်ကို ကဆုန်လပြည့်နေ့မှာ ပေးခဲ့တာ၊ မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့မှာ ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူခဲ့တာ၊ မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်မှာ ဂေါတမဘုရားအလောင်းတော် သဗ္ဗညုတဉာဏ်တော်ကို ရရှိပြီး ဘုရားဖြစ်တော်မူခဲ့တာ၊ မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့မှာ မလ္လာမင်းတို့ရဲ့ အင်ကြင်းဥယျာဉ်ထဲ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့တာ စတဲ့ ထူးခြားချက် ၄-ရပ်နဲ့ ပြည့်စုံနေတာကြောင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု သတ်မှတ်ခဲ့ကြပါတယ်။

ဘုရားရှင်က ဤနေ့ဤအခါမွာ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူဖို့ ဗောဓိပင်ကို အမှီပြုပြီး တရားအားထုတ်တော်မူခဲ့တာကြောင့် ဗုဒ္ဓဘာသာဝင်တို့က ဗောဓိပင်ကို ရေသွန်းလောင်းခြင်းစတဲ့ ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြတာ ဖြစ်ပါတယ်။ ရေသွန်းလောင်းကြတဲ့ အဓိပ္ပာယ်ကလည်း ကဆုန်လမှာ ရေရှားပြတ်လပ်လို့ ညှိုးလျော်အံ့ဆဲဖြစ်တဲ့ ဗောဓိပင်ကို လန်းဆန်းစိုပြေစေဖို့ပဲ ဖြစ်ပါတယ်။

ဒီအလေ့အထဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲ ဖြစ်ပါတယ်။ နှစ်စဉ် အမြဲ ကဆုန်လပြည့်နေ့ရောက်တိုင်းမှာ ညောင်ရေသွန်းပွဲတွေ ပြုလုပ်ကြပါတယ်။

ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်မှတ်ရန် ဗုဒ္ဓနေ့ ဆိုတဲ့အတိုင်း ဗျာ-ကဆုန်လပြည့်နေ့မှာ ဗျာဒိတ်တော်ကို ခံယူတော်မူ၊ ဖွား-က‌ဆုန်လပြည့်နေ့မှာ ဖွားမြင်တော်မူ၊ ပွင့်-က‌ဆုန်လပြည့်နေ့မှာ ဘုရားပွင့်တော်မူ၊ စံ-က‌ဆုန်လပြည့်နေ့မှာ ပရိနိဗ္ဗာန်စံဝင်တော်မူ စတဲ့ အဖြစ်လေးခုဟာ က‌ဆုန်လပြည့်နေ့မှာပဲ တိုက်ဆိုင်စွာ ဖြစ်ပေါ်ခဲ့တာကြောင့် ကဆုန်လပြည့်နေ့ဟာ ထူးမြတ်တဲ့နေ့ ဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့်မှာ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက် အဖြစ် သတ်မှတ်နိုင်ဖို့အတွက် ၁၉၉၈ ခု၊ နိုဝင်ဘာလ ၅ ရက်က ၁၄ ရက်အထိ ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။

သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ကမ္ဘာ့ရုံးပိတ်ရက်အဖြစ်သတ်မှတ်ရေး အဆိုကို ၁၉၉၉ ခု စက်တင်ဘာလမှာ ကုလသမဂ္ဂထံ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ၅၄ ကြိမ်မြောက် ကုသလသမဂ္ဂ အထွေထွေညီလာခံမှာ တင်သွင်းခဲ့တဲ့ အဆိုကို မြန်မာနိုင်ငံ အပါအဝင် အခြားနိုင်ငံ ၃၄ နိုင်ငံက ထောက်ခံခဲ့ကြပါတယ်။ ဒါကြောင့် ကမ္ဘာ့ကုလသမဂ္ဂက ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် Vesak Universal Holiday အဖြစ် သတ်မှတ်ပေးခဲ့တာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top